တက်တူးယဉ်ကျေးမှု ထွန်းကားလာတဲ့ ဒီဘက်ခေတ်ရဲ့ လူကြိုက်အများဆုံး တက်တူးဒီဇိုင်းတွေထဲမှာ ဂျပန်ရိုးရာတက်တူး ဒီဇိုင်းတွေကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဂျပန်ရိုးရာတက်တူးတွေကိုတော့ အိရဲဇုမိ Irezumi လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ် အရေပြားအောက် မှင်ရည်ထိုးသွင်းခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ဂျပန်ရိုးရာ တက်တူးတွေက သာမန်ထက်ကွဲပြားပြီး အရောင်များစွာ စီခြယ်ရေးထိုးထားတဲ့ စိတ်ဝင်စားစရာ တက်တူးဒီဇိုင်းတွေဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များပြီး ရေးထိုးမှုအများဆုံး တက်တူးဒီဇိုင်းတစ်ခုအဖြစ် နေရာယူထားတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တက်တူးခရေဇီ ကွီးတို့အကြိုက်တွေ့စေမယ့် ဂျပန်ရိုးရာ တက်တူး ဒီဇိုင်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တိမ်လွှာတက်တူးဒီဇိုင်း

Photo : The Trend Spotter

ရင်သပ်ရှုမောဖွယ် လှပတဲ့ တက်တူးဒီဇိုင်းမျိုး နှစ်သက်တယ်ဆိုရင်တော့ ဂျပန်ရိုးရာ တိမ်လွှာ တက်တူး ဒီဇိုင်းတွေရေးထိုးနိုင်ပါတယ်။ တိမ်လွှာတက်တူးဒီဇိုင်းတွေဟာ သဘာဝတရားကို နှစ်သက်မြတ်နိုးသူတွေ ရေးထိုးသင့်ပြီး အတွေးအခေါ်မြင့်မားမှု ၊ ယောက်ျားပီသမှု ၊ မတည်မြဲမှုနဲ့ ပြောင်းလဲမှုတို့ကို ဖော်ညွှန်းနေတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။ အရောင်မပါပဲ အနက်ရောင်မှင်တစ်မျိုးတည်းနဲ့ ရေးထိုးထားတဲ့ တိမ်လွှာတက်တူးဒီဇိုင်းတွေက အမျိုးသားတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။

(၂) ကြိုးကြာတက်တူးဒီဇိုင်း

Photo : The Trend Spotter

ကြိုးကြာငှက်ဟာ ဂျပန်လူမျိုးတွေအတွက် အရေးပါတဲ့ သင်္ကေတတစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ မျှော်လင့်ချက် စတာတွေကို ကိုယ်စားပြုပါတယ်။ ဂျပန်ရိုးရာ တက်တူးတွေထဲမှာတော့ ကြိုးကြာပုံ တက်တူး ဒီဇိုင်းတွေက ကံကောင်းခြင်းတွေ ယူဆောင်လာပေးတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုကြပြီး အသက်ရှည်ခြင်းနဲ့ ဉာဏ်ပညာတို့ကိုလည်း ကိုယ်စားပြုပါတယ်။ ကြိုးကြာပုံတက်တူးကို ပန်းပွင့် ၊ နေမင်း ၊ ရှိတ်တွေနဲ့ တွဲဖက်ရေး ထိုးကြပြီး လှပတဲ့အရောင်များစွာကိုလည်း သုံးလေ့ရှိကြပါတယ်။

(၃) နတ်ဆိုးတက်တူးဒီဇိုင်း

Photo : The Trend Spotter

ဂျပန်ရိုးရာ နတ်ဆိုးပုံတက်တူးတွေက လူတိုင်းနှစ်သက်တဲ့ တက်တူး ဒီဇိုင်းတစ်ခု ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီတက်တူးဒီဇိုင်းရဲ့ နောက်ကွယ်မှာ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ အဓိပ္ပါယ်တွေ ရှိနေပါတယ်။ ဂျပန်ရိုးရာနတ်ဆိုးပုံ တက်တူးတွေထဲမှာ ရေးထိုးမှုအများဆုံးက Oni လို့ခေါ်တဲ့ ဂျပန်ရိုးရာ ဘီလူး သို့မဟုတ် နတ်ဆိုးပုံ ဖြစ်ပါတယ်။ နတ်ဆိုးတက်တူးတွေက အဆိုးနဲ့အကောင်းကြားက ချိန်ခွင်လျှာကို ကိုယ်စားပြုပြီး မကောင်းတဲ့လုပ်ရပ်တွေလုပ်တဲ့အခါ အပြစ်ပေးခံရမယ်ဆိုတာကို သတိပေးနေတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ နတ်ဆိုးတက်တူးတွေဟာ အရောင်အသွေးစုံလင်လှပပြီး မြွေ ၊ ချယ်ရီပန်း စတာတွေနဲ့ဒီဇိုင်း ပေါင်းစပ်ရေးထိုးလေ့ ရှိကြပါတယ်။

(၄) ဂျပန်မိန်းမလှပုံ တက်တူးဒီဇိုင်း

Photo : The Trend Spotter

Geishas လို့ခေါ်တဲ့ ဂျပန်အနုပညာသည် မိန်းမလှပုံတက်တူးဒီဇိုင်းတွေဟာလည်း လူကြိုက်များ ရေပန်းစားပါတယ်။ Geishas တွေဟာ ဂျပန်နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့လည်း ဆက်စပ်နေပြီး ဆွဲဆောင်မှုရှိခြင်း ၊ မိန်းမကောင်းပီသခြင်း ၊ ကျက်သရေရှိခြင်း နဲ့ စွဲမက်ဖွယ်အလှတရား စတဲ့ အဓိပ္ပါယ်တွေ သက်ရောက်ပါတယ်။ ဂျပန်မိန်းမလှပုံ တက်တူး ဒီဇိုင်း တွေကို အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ရေးထိုးလေ့ရှိကြပြီး အများစုကတော့ ကျောပြင်အပြည့် ရေးထိုးကြပါတယ်။

(၅) ဂျပန်ရိုးရာမျက်နှာဖုံး တက်တူးဒီဇိုင်း

Photo : The Trend Spotter

ဂျပန်ရိုးရာ မျက်နှာဖုံးတွေဟာ ပုံစံဒီဇိုင်းအမျိုးမျိုးရှိပြီး တချို့က ဘာသာရေးပွဲအခမ်းအနားတွေမှာ ဝတ်ဆင်ကြသလို တချို့ကလည်း ပြဇာတ်ပွဲတွေနဲ့ ပွဲတော်တွေမှာ အသုံးပြုဝတ်ဆင်လေ့ ရှိကြပါတယ်။ ဂျပန်ရိုးရာ မျက်နှာဖုံးတက်တူးတွေထဲမှာတော့ Hannya လို့ခေါ်တဲ့ မျက်နှာဖုံးဒီဇိုင်းက ရေးထိုးမှုအများဆုံး တက်တူး ဒီဇိုင်း တစ်ခု ဖြစ်ပါတယ်။ အမြင်အားဖြင့်တော့ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးပုံလို့ ထင်ရပေမယ့် အမှန်မှာ ကံကောင်းခြင်းရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး မကောင်းမှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ထား ကြပါတယ်။