ဆီဗီလာကို အချိန်ပိုမှာ ရှုံးနိမ့်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပေမယ့် စီးရီးအေ အမှတ်ပေးဇယားမှာ အဆင့် (၂)နေရာ ရရှိထားလို့ ဂျုဗင်တပ်စ် ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်က သေချာနေသလောက် ရှိနေချိန်မှာ မမျှော်လင့်ပဲ ရုတ်တရက် အမှတ်လျော့မှုကြီးက ထပ်မံ ပေါ်ပေါက်လာခဲ့ရပြန်ပါတယ်။
Photo Credit : Marca
ဂျုဗင်တပ်စ် အသင်းဟာ အီတလီ ဘောလုံးအဖွဲ့ချုပ်ကနေ ချမှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး အသင်း ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ စာရင်းဇယားတွေကိုပါ မှန်မှန်ကန်ကန် မတင်ပြပဲ လိမ်ညာခဲ့တာတွေကြောင့် ဘောလုံးအဖွဲ့ချုပ်က သူတို့အသင်းကို (၁၅)မှတ်လျော့ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒါကို လက်မခံနိုင်တဲ့ ဂျုဗင်တပ်စ်က အရပ်ဘက်ဆိုင်ရာ အားကစားခုံရုံးမှာ အယူခံဝင်ခဲ့ရာ အယူခံ အောင်သွားခဲ့တာကြောင့် (၁၅)မှတ် ပြန်လည် ရရှိခဲ့ရင်း အမှတ်ပေးဇယားထိပ်နားထိ ရောက်ရှိသွားခဲ့ရပါတယ်။
Photo Credit : The Guardian
ဒီလိုနဲ့ ဂျုဗင်တပ်စ်က အမှတ်ပေးဇယားမှာ အဆင့် (၂)နေရာနဲ့ ရပ်တည်ရင်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာသလောက် ရှိနေချိန် မနေ့ညကပဲ ဂျုဗင်တပ်စ်ကို (၁၀)မှတ်လျော့လိုက်ကြောင်း တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။ ဂျုဗင်တပ်စ် ရဲ့ အယူခံ အောင်မြင်သွားခြင်းအပေါ် ဘောလုံးအဖွဲ့ချုပ်ဘက်က လက်မခံနိုင်လို့ ထပ်ပြီး အယူခံဝင်ခဲ့ရာ မူလ (၁၅)မှတ် ပြစ်ဒဏ်ထက် (၅)မှတ် နည်းသွားပြီး (၁၀)မှတ် ပြစ်ဒဏ်အသစ် ထပ်မံ ကျခံလိုက်ရပြန်ပါတယ်။
Photo Credit : ESPN
ဘောလုံးရာသီတစ်ခု အဆုံးသတ်ရတော့မယ့်အချိန်မှ (၁၀)မှတ် လျော့ခံလိုက်ရလို့ ဂျုဗင်တပ်စ်က အဆင့် (၂)ကနေ အဆင့် (၇)အထိ ကျဆင်းသွားခဲ့ရပြန်ပြီး ဒီလို အမှတ်လျော့ခံရပြီးပြီးချင်း ကစားခဲ့ရတဲ့ စီးရီးအေ ပွဲစဥ်မှာပါ အမ်ပိုလီလို အသင်းမျိုးကို (၄)ဂိုး (၁)ဂိုးနဲ့ မရှုမလှ ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။ ဒီလို အမှတ်လျော့ပြစ်ဒဏ် ဒီလို အပြတ်အသတ် ရှုံးပွဲကြောင့် ဂျုဗင်တပ်စ် အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ဆိုတာကြီးကို လက်လွတ်လိုက်ရဖို့ သေချာသွားခဲ့ပြီဖြစ်ပြီး အမြင့်ဆုံး ယူရိုပါလိဂ်လောက်သာ ဆက်လက် တိုက်ပွဲဝင်သွားရတော့မှာပဲ ဖြစ်ပါတယ်။
Featured Photo : Al Jarzeea