ချဲလ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်ကြီး ဆီဆာ အက်ဇ်ပီလီကွယ်တာ က ဒီတစ်ပတ် ကြားရက်ထဲမှာ ရီးယဲလ် မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်နဲ့ ပတ်သတ်ပြီး သူရဲ့ ထင်မြင်ချက်တွေကို ထုတ်ဖော် ပြောဆိုလိုက်ကာ သူတို့အသင်းက ထင်ထားတာထက် ပိုကောင်းတယ်လို့ပါ သတိပေးလိုက်ပါတယ်။
Photo Credit : The Chelsea Chronicle
ချဲလ်ဆီး နဲ့ ရီးယဲလ်အသင်းတို့က ဒီနောက်ပိုင်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ထူးထူးခြားခြားပဲ (၃)ကြိမ်တိုင်တိုင်အထိ တွေ့ဆုံထားခဲ့ရပြီး အရင် တွေ့ဆုံမှု (၂)ကြိမ်မှာ တစ်သင်းနဲ့ တစ်သင်း အပြန်အလှန် ကျော်ဖြတ်ထားခဲ့သလို ကျော်ဖြတ်နိုင်ချိန်တိုင်းမှာလည်း ကျော်ဖြတ်နိုင်တဲ့ အသင်းက ချန်ပီယံ ဖြစ်ထားရပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ ဘယ်လို အခြေအနေမျိုးတွေ ရလဒ်မျိုးတွေ ထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းနေရပါတယ်။
Photo Credit : AS USA- Diario AS
ဒီအချိန်မှာ ချဲလ်ဆီး အသင်းခေါင်းဆောင်ကြီး အက်ဇ်ပီလီကွယ်တာ က ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး “ဒါက ထူးခြားတဲ့ အခွင့်အရေး ဖြစ်ပြီးတော့ အခု ဒီနေရာမှာ အသင်း(၈)သင်းသာပဲ ကျန်တော့တယ်။ ဒါက ထူးခြားပြီး ခက်လည်း ခက်ခဲပါတယ်။ ကျွန်တော်တို့က လက်ရှိ ချန်ပီယံအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ သူတို့နဲ့ ကစားရတာကလည်း (၃)နှစ်ဆက်တိုက် ရှိပါပြီ။ သူတို့မှာလည်း အတွေ့အကြုံတွေ အများရှိနေတယ်” လို့ ပြောဆိုခဲ့ပြီး လက်ရှိမှာ ချဲလ်ဆီးက အခြေအနေဆိုးထဲမှာ ရောက်ရှိနေပေမယ့်လည်း “ကျွန်တော်တို့အသင်းက ခင်ဗျားတို့ ထင်ထားတာထက်ကို ပိုကောင်းနေသေးတယ်” လို့ပါ ပြောဆိုသွားခဲ့ပါသေးတယ်။
Photo Credit : El Heraldo
ဒါ့အပြင် အက်ဇ်ပီလီကွယ်တာ က “ပြိုင်ဘက်တွေ အားလုံးကို လေးလေးစားစားနဲ့ ဆက်ဆံရပါမယ်။ နှိမ့်ချမှုတွေနဲ့ ဆက်ဆံရပါမယ်။ ရီးယဲလ် မက်ဒရစ်ဟာ ဒီပြိုင်ပွဲမှာ ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းရှိတဲ့ အသင်းတစ်သင်း ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အကောင်းဖြစ်အောင် လုပ်ဖို့ လိုပါတယ်” ဆိုပြီး ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
Featured Photo : Goal