စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးနိုင်တဲ့ ခွေးလေးတွေဟာ စိတ်ကျန်းမာရေး လိုအပ်ချက်တွေ အမျိုးမျိုး ရှိနေတဲ့ လူများအတွက် အထောက်အကူ ပြုပေးနိုင်ပေမယ့်လည်း ဒီလိုလူတွေ အများစုက ခွေးလေးတွေအတွက် ပြန်လည် ဂရုစိုက်မှုတွေ မလုပ်နိုင်ကြတဲ့အပေါ် Tombot Inc ကနေ အဖြေတစ်ခု ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ကယ်လ်လီဖိုးနီးယားပြည်နယ် အခြေစိုက် ကုမ္မဏီကနေ ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်ဖြေရှင်းနေတဲ့ လူတစ်ဦးချင်းဖြစ်စေ မိသားစုလိုက်ဖြစ်စေ လူမှုအသိုင်းအဝိုင်းတွေပဲဖြစ်စေ ကူညီပေးနိုင်မယ့် စက်ရုပ်ခွေးလေးကို ဒီဇိုင်းရေးဆွဲ ဖန်တီးလိုက်ပါတယ်။ ဒီတစ်ပတ်ထဲ လတ်စ် ဗီးဂတ်စ်မှာ ကျင်းပခဲ့တဲ့ Consumer Electronics Show (CES) ပွဲမှာ Jennie လို့ နာမည်ပေးထားတဲ့ အဝါရောင် Labrador retriever အမျိုးအစား စက်ရုပ်ပါပီလေးကို စတင် မိတ်ဆက်သွားခဲ့ပါတယ်။

Photo : Interesting Engineering

ဒီစက်ရုပ်ခွေးလေးက မှတ်ညဏ်ပျောက်ဆုံးပြီး စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ခြင်း၊ မှတ်ညဏ်ပိုင်းဆိုင်ရာနဲ့ တွေးခေါ်မှုပိုင်းဆိုင်ရာ ပြဿနာဖြစ်ခြင်း၊ အော်တစ်ဇင် ဝေဒနာ ခံစားနေရခြင်း၊ စိုးရိမ်သောကများခြင်း၊ စိတ်ဒဏ်ရာအလွန် စိတ်ဖိစီးမှုများခြင်း အစရှိတဲ့ ရောဂါအခြေအနေတွေ ခံစားနေရသူများအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနဲ့ စိတ်ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။


Photo : medicina-santre.fr

ဒီစက်ရုပ်လေးကို (၈)ပတ်ကနေ (၁၀)ပတ်အရွယ်လောက်ရှိတဲ့ Labrador retriever ခွေးတစ်ကောင်အတိုင်း တိကျစွာ တုပပြီး ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတာဖြစ်လို့ သူ့မှာ စစ်မှန်တဲ့Labrador retriever အသံများစွာလည်း ပါရှိနေလိမ့်မယ်လို့ Tombot စီးအီးအို စတီဗင်စ်က ဆိုထားပါတယ်။ ဒါ့အပြင် ခွေးအစစ်တစ်ကောင်လို ဟောင်ခြင်း ဟစ်အော်ခြင်းတွေကိုပါ recording လုပ်ဆောင်ထားသလို ပါးစပ်နဲ့ မျက်လုံးများကလည်း ဖွင့်နိုင်ပိတ်နိုင်ပြီး အမြီးလှုပ်ရမ်းကာ ခေါင်းနဲ့ လည်ပင်းတို့ကိုလည်း လှုပ်ရှားနိုင်အောင် ဖန်တီးထားပါတယ်။


Photo : Vbcoop

ဒီခွေးကလေးက နောက်ဆုံး Alpha အကြိုထုတ်လုပ်မှုအဆင့်မှာ ရှိနေပြီး မကြာမီမှာပဲ Beta အဆင့်ထိ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Tombot ကနေ စက်ရုပ်ခွေးတစ်ကောင်ကို အမေရိကန်ဒေါ်လာ (၁၅၀၀)နဲ့ အခုနှစ်နှောင်းပိုင်းမှာ ကြိုတင်မှာယူမှုကို ပြန်လည် လက်ခံသွားမှာပဲ ဖြစ်ပါတယ်။ စီးအီးအို စတီဗင်စ်ကတော့ ဒီစက်ရုပ်ခွေးလေးတွေကို ဆေးရုံတွေ မှတ်ညဏ်စောင့်ရှောက်မှု ဌာနတွေန အပါအဝင် နိုင်ငံပေါင်း (၈၆)နိုင်ငံက ကြိုတင်မှာယူမှုနဲ့ စောင့်ဆိုင်းစာရင်း ဖောက်သည် (၈၀၀၀)ကျော်နဲ့B2B ဖောက်သည် (၂၀၀)ကျော် ရှိနေတယ်လို့ ပြောဆိုထားပါတယ်။

Source : UPI

Featued Photo : H1avionics