လူတစ်ယောက်သည် ကိုယ်ခန္ဓာ ကျန်းမာနေရုံနဲ့ မပြီးသေးပါဘူး။ စိတ်ဓာတ် ကျန်းမာကြံ့ခိုင်နေဖို့လည်း အရေးကြီးပါတယ်။ ယနေ့ခေတ်လို စီးပွားရေး၊ လူမှုရေး အဘက်ဘက်က ဖိစီးလာတဲ့အခါ စိတ်ဖိစီးမှုများ တဖြည်းဖြည်းများလာပြီး စိတ်ကျန်းမာရေးသည်လည်း လျော့ကျလာပါလေရော။ ဒီလို စိတ်ဓာတ်ကျ နေချိန်မှာ ကိုယ့်ကိုယ့်ကို Motivation ပြန်ပေးမှသာ ဘဝကို အရှုံးမပေးမိမှာဖြစ်ပါတယ်။
ရခဲလှတဲ့ လူ့ဘဝကို ရှေ့ဆက် ဘာဖြစ်လာမလဲဆိုတာကို ကြိုတင်တွေးတောကာ ပူပန်နေမယ့်အစား ကိုယ် လုပ်စရာရှိတာကို ပုံမှန်အတိုင်း လုပ်ဆောင်ရင်း အရှေ့သို့သာ ဆက်လက်ချီတက်လိုက်ပါ။
တကယ်လို့ ကွီးတို့အနေနဲ့ အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ဓာတ်ကျ လာပါက အခုဖော်ပြပေးမယ့်အချက်များကို အသုံးချကာ Motivation ပြန်လည် မြင့်တက်လာအောင် ဆောင်ရွက်လိုက်ပါ။
ညအိပ်ဝတ်စုံကို ဖယ်ရှားလိုက်ပါ
Photo: Lightfieldstudios
တစ်နေ့တာလုံးအတွက် ပထမဦးဆုံး လုပ်ဆောင်ရမယ့်အရာကတော့ အိပ်ရာကနေ နိုးထခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ သင်သည် အိပ်ရာကနေ နိုးထပြီးတဲ့နောက်မှာတော့ တာဝန်တစ်ခုကို ပြီးမြောက်သွားပြီဖြစ်လို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။ ထို့နောက် မိမိကိုယ်ကို အားတက်စေမယ့် မှတ်စုအချို့ကို သင် မြင်နိုင်တဲ့ နေရာမှာ ထားထားလိုက်ပါ။ ဥပမာ – ဘယ်တော့မှ အရှုံးမပေးနဲ့။ မိုင်ထောင်ချီသော ခရီးသည် ပထမခြေလှမ်းကနေ အစပြုတာပါ။ ငါ လုပ်နိုင်တယ်ဆိုတာ ငါ့ကိုယ်ငါ ယုံကြည်တယ် စတဲ့ စာသားများဖြင့် ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မြင့်တင်လိုက်ပါ။ အိမ်မှာ အလုပ်လုပ်နေရတဲ့ Work From Home ရုံးသမားများအနေနဲ့လည်း ညအိပ်ဝတ်စုံကြီးနဲ့ အလုပ်မလုပ်ဘဲ မိမိကိုယ်ကိုယ် ခန့်ညားသွားစေတယ်လို့ ယူဆရတဲ့ အဝတ်အစားများဖြင့် ဝတ်ဆင်ကာ အလုပ်စတင်လုပ်ရမှာဖြစ်ပါတယ်။
မနက်ခင်းစောစော လမ်းထလျှောက်ကြည့်လိုက်ပါ
မနက်ခင်းစောစော လမ်းလျှောက်ခြင်းသည် စိတ်လက် ကြည်လင်ပေါ့ပါးစေပြီး တနေကုန် နေလို့ကောင်းစေပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါ ဖြစ်ပွားခြင်းမှ ဖယ်ရှားပေးပြီး စိတ်ဓာတ်ကြံ့ခိုင်လာအောင် ကူညီပေးပါတယ်။ လမ်းမလျှောက်ချင်ဘူးဆိုရင်လည်း အိမ်မှာနေကာ ပြုလုပ်နိုင်တဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများကို ရွေးချယ်ကာ ပြုလုပ်နိုင်ပါတယ်။ တစ်နေ့လျှင် ၃၅ မိနစ်ခန့်၊ တစ်ပတ်လျှင် ၅ ရက်ခန့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးတဲ့အခါ ရက်သတ္တပတ် (၅) ပတ်ကြာလာတဲ့အခါ အရင်ကလို လေးလံထိုင်းမှိုင်းနေတာမျိုးမဟုတ်တော့ဘဲ စိတ်သစ်၊ လူသစ်၊ ဘဝသစ်တစ်ခု ပိုင်ဆိုင်ရသလို ခံစားသွားရမှာပါ။ ထိုအချက်ကတော့ လေ့လာတွေ့ရှိချက်များအရ သိရှိရတဲ့အချက်ပဲဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို အလုပ်တွေချည်းပဲ ဖိခိုင်းမနေပါနဲ့
ကိုယ့်ကိုယ်ကို အလုပ်တွေချည်းပဲ လှိမ့်ခိုင်းပြီး အားလပ်ချိန်မရှိတာမျိုး ပြုလုပ်နေပြီလား။ ဒါဆိုရင်တော့ ထိုအချက်ကို ပြင်ဆင်သင့်ပြီပဲဖြစ်ပါတယ်။ အလုပ်လည်း လုပ်သလို၊ နားချိန်လည်း ပေးဖို့လိုအပ်ပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်က စက်ရုပ်မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ့်ရဲ့ အလုပ်တာ ဝန်က ဘယ်လောက်ပင် သေးဖွဲတဲ့ တာဝန်ဖြစ်နေပါစေ၊ အလုပ်တာဝန်တစ်ခု ပြီးမြောက်သွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂုဏ်ပြုလိုက်ပါ။ ဒီလိုဂုဏ်ပြုခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုများ မြှင့်မားလာမှာဖြစ်ပြီး စိတ်ဓာတ်ကျ တဲ့အခြေအနေမျိုးကနေ ရုန်းထွက်နိုင်ကာ Motivation တွေ တက်လာမှာပဲဖြစ်ပါတယ်။
ကိုယ့်စိတ်ကို ညစ်ညူးစေတဲ့အရာများနှင့် တတ်နိုင်သမျှ ဝေးဝေးနေပါ
Photo: Olympiabenefits
သင့်ရဲ့ ဦးနှောက်သည် သင် ဖန်တီးလိုက်တဲ့ အတွေးတွေကို စားသုံးနေရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကောင်းတဲ့အရာတွေကိုသာ ကြံဆတွေးတောနေဖို့ လိုအပ်ပါတယ်။ ကောင်းတဲ့အရာများကိုသာ ကြံစည်တွေးတောပြီး သင့်ပတ်ဝန်းကျင်က အဆိပ်အတောက်ဆန်တဲ့ လူသားများကိုလည်း သင့်ဘဝထဲကနေ အပြီးတိုင် ဖယ်ရှားလိုက်ပါ။ နို့မဟုတ်ရင် သူတို့ရဲ့ မကောင်းတဲ့ စိတ်ထား၊ အတွေးအခေါ်များသည် သင့်ရဲ့ စိတ်ထဲမှာ တဖြည်းဖြည်း တွယ်ငြိလာပြီး သင်သည်လည်း သူတို့လို ဖြစ်သွားမှာပဲဖြစ်ပါတယ်။
သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများနှင့် ပျော်ပျော်ရွှင်ရွှင်သာ ဖြတ်သန်းပါ
သင့်ရဲ့ မိတ်ဆွေတွေနဲ့ နောက်ဆုံး တွေ့ခဲ့တဲ့ အချိန်က ဘယ်တုန်းကလဲဆိုတာ မှတ်မိပါသလား။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ ငြင်းဆန်နေပြီး “ငါက Introvert ကွ” ဆိုပြီး ဂုဏ်ဆာနေခြင်းသည်လည်း သင့်ကို အထီးကျန်ဆန်ကာ စိတ်ဓာတ်ကျစေတဲ့ လူသားတစ်ယောက်ဖြစ်မှန်းမသိဖြစ်သွားစေပါတယ်။ ဒါ့ကြောင့် အိမ်ထဲမှာပဲ ကိုယ့်ကိုယ်ကို လှောင်ပိတ်မထားဘဲ အပြင်ထွက်စရာရှိတာထွက်ပါ။ လူငယ်ဘဝမှာ ပျော်ပါးနိုင်တုန်း လွတ်လွတ်လပ်လပ် ပျော်ပါးလိုက်ပါ။ ဒါဆိုရင်တော့ စိတ်ပျော်ရွှင်လာမှာဖြစ်ပြီး ကိုယ့်ရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်းသည်လည်း မြင့်မားလာမှာဖြစ်ပါတယ်။
Source: Healthline
Featured Image: Healthifyme