စိတ်ဖိစီးစရာများသည် ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာ ကြုံတွေ့နေရတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ အချို့က ကိုယ့်ကို စိတ်ဒုက္ခ ပေးသူများကြောင့် စိတ်ညစ်ရပြီး အချို့ကလည်း ကိုယ့်ရဲ့ အလုပ်ကိစ္စ၊ ကျောင်းကိစ္စ၊ အချစ်ရေး၊ လူမှုရေး အဘက်ဘက်ကြောင့် စိတ်ညစ်ရတတ်ပါတယ်။ ကွီးတို့အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီး စရာများ ကြုံတွေ့ရပါက စိတ်ဖိစီးများ ကင်းဝေးအောင် ဘယ်လို ပြုမူ နေထိုင်ရမလဲ။

စိတ်ဖိစီး မှုများကို ဖြေဖျောက်နိုင်ဖို့ရန်အတွက် အခုဖော်ပြပေးမယ့် နည်းလမ်းများဖြင့် ပြုမူ နေထိုင်နိုင်ပါတယ်။

မနက်စောစော အိပ်ရာထပါ

စိတ်ဖိစီး ပြုမူ

ညဘက် စောစော အိပ်ရာဝင်ပြီး မနက် စောစော အိပ်ရာထခြင်းသည် လူတစ်ယောက်ကို ကျန်းမာ ချမ်းသာပြီး ပိုမိုပျော်ရွှင်လာအောင် ကူညီပေးနိုင်ပါတယ်။ မနက်စောစော အိပ်ရာထနိုင်ဖို့ရန်အတွက် ညဘက်မှာ စောစော အိပ်ရာဝင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ မနက်နိုးလာတဲ့အခါ ခေါင်းကြည်ပြီး တနေကုန် တက်ကြွလန်းဆန်းနေမှာ ဖြစ်ပါတယ်။ စောစောအိပ်ရာဝင်ကာ မနက်စောစော ထခြင်းသည် ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။

စိန်ခေါ်မှုများကို လက်ခံပါ

စိတ်ဖိစီး ပြုမူ

ကိုယ့်ရဲ့ ဆုံးဖြတ်ချက် တစ်ခုခုကြောင့် တစ်စုံတစ်ရာ ချွတ်ချော်သွားပါက မိမိကိုယ်ကို အပြစ်တင်ပြီး ထိုအမှားကနေ ရုန်းမထွက်နိုင်တာမျိုးကို မပြုလုပ်ရပါဘူး။ အမှားတစ်စုံတစ်ရာ ရှိပါက ထိုအမှားကို လက်ခံပါ။ အခြေအနေကို လက်ခံပါ။ သူတစ်ပါးကို အပြစ်ပုံချခြင်းမျိုးသည် သတ္တိမဲ့သူတို့ရဲ့ လုပ်ရပ်ဖြစ်တဲ့အတွက်ကြောင့် ထိုအချက်ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ် ရှေ့ဆက် လုပ်ဆောင်စရာရှိတာများကို တစ်စိုက်မတ်မတ်လုပ်ဆောင်ကာအ ရှေ့သို့သာ ဆက်လက်ချီတက်ပါ။ စိန်ခေါ်မှုများသည် သင့်ကို ပိုပြီး သန်မာလာအောင်၊ အောင်မြင်တိုးတက်လာအောင် ကူညီပေးနိုင်ပါတယ်။

မိမိကိုယ်ကို ဂရုစိုက်ပါ

self-love

မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ မမေ့ရပါဘူး။ ကျနော်တို့တွေသည် သူတစ်ပါး အလိုကျ လိုက်လုပ်ပေးရတယ်၊ သူတစ်ပါးကိုသာ ဦးစားပေးပြီး မိမိကိုယ်ကို ဂရုစိုက်ဖို့ မေ့လာတတ်ပါတယ်။ အလုပ်များလို့ ထမင်းစားချိန်တွေ နောက်ကျပြီး အဆာလွန်မယ်၊ ထိုကနေတဆင့် ကျန်းမာရေးတွေ ထိခိုက်လာမယ်။ အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ မေ့လျော့ခြင်း အစရှိတဲ့ အပြုအမူများသည် မိမိကိုယ်ကို ဂရုမစိုက်သူများရဲ့ အကျင့်ဆိုးများပဲဖြစ်ပါတယ်။

စိတ်ဖိစီး စရာများ ကင်းဝေးဖို့ဆိုရင် မိမိကိုယ်ကို ဂရုစိုက်ခြင်း၊ ချစ်မြတ်နိုးခြင်းသည် အင်မတန်မှ အရေးကြီးတဲ့ အပြုအမူတစ်ခုပဲဖြစ်ပါတယ်။ သို့သော် မိမိကိုယ်ကိုယ် ချစ်တဲ့အခါ နည်းမှန် လမ်းမှန်နဲ့ ချစ်တတ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့အခါ၊ ဂရုစိုက်တဲ့အခါ ကိုယ့်ရဲ့ အပြုအမူသည် အခြားသူများကို အနှောင့်အယှက် မဖြစ်ဖို့ လိုအပ်ပါတယ်။

ဆိုကြပါစို့။ ကွီးတို့က သီချင်း နားထောင်ရတာ ကြိုက်နှစ်သက်တယ်ဆိုပြီး စိတ်အပန်းပြေဖို့အတွက် စပီကာကို အသံမိုင်ကုန်ဖွင့်ထားကာ သီချင်း အကျယ်ကြီး နားထောင်လိုက်ပြီပဲ ထားပါတော့။ ကွီးတို့ အိမ်ဘေးနားမှာ ညဆိုင်း ဆင်းထားရလို့ အိပ်နေတဲ့သူလည်း ရှိနိုင်သလို ၊ အွန်လိုင်းကနေ အစည်းအဝေးတက်နေရသူလည်း ရှိနိုင်ပါတယ်။ သို့မဟုတ် နေမကောင်းလို့ အိပ်ရာထဲ လဲနေသူလည်း ရှိနေနိုင်ပါတယ်။ သူတို့အတွက် ကိုယ့်ရဲ့ အပြုအမူသည် အတ္တဆန်တဲ့ အပြုအမူပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ငါ တကောကော မာနထောင်လွှားနေလို့ မရဘူးဆိုတာကိုလည်း သတိချပ်ဖို့ လိုအပ်ပါတယ်။ ဘယ်သူကမှလည်း သင့်အနားမှာ ရိုကျိုးစွာနဲ့ ခယနေကာ ဂရုစိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် မိမိကိုယ်ကိုယ် နည်းမှန်လမ်းမှန်နဲ့ ချစ်မြတ်နိုးကာ ဂရုစိုက်ပါ။

မိမိ ဝါသနာပါရာလေးတွေအတွက် အချိန်ပေးပါ။ စိတ်အပန်းဖြေကာ အနားယူပါ။ စိတ်တည်ငြိမ်အောင် တရားထိုင်ပါ။

ထိုအပြုအမူများသည် ကွီးတို့ရဲ့ စိတ်ဖိစီး စရာများကို ယူပစ်သလို ဖယ်ရှားပေးမှာဖြစ်တာကြောင့် နေ့စဥ် ပြုမူ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

Source: Timesofindia.indiatimes

Featured Image: Freepik