နေ့စဉ်ရှင်သန်နေရတဲ့ ဘဝမှာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေဟာ လူတိုင်းအပေါ် တနည်းနည်းဖြင့် ဘက်ပေါင်းစုံကနေ သက်ရောက်မှုရှိနိုင်ပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာ၊ လူမှုရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ အချစ်ရေး၊ ပညာရေး စသည့်ဘက်ပေါင်းစုံက နေပေးတဲ့ အဆင်မပြေမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ နဲ့ စိတ်ဖိစီးမှုတွေက ဘယ်လိုပဲအခြေအနေ ကွဲပြားပါစေ လူတိုင်းအပေါ်သက်ရောက်ပြီး လူတော်တော်များများလည်း တွေ့ကြုံခံစားဖူးမှာပါ။ ကြုံတွေ့ရတဲ့အခြေအနေနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး စိတ်ဖိစီးမှု ပြင်းထန်တာနဲ့ လျော့ပါးတာသာ ကွာခြားမှုရှိပါတယ်။

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက ရေရှည်ဖြစ်လာပြီဆိုရင်တော့ ကွီးတို့ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ကွီးတို့အနေနဲ့ လူ့အဖွဲ့အစည်းမှာ လှုပ်ရှားရုန်းကန်နေသရွေ့ကတော့ ကြုံတွေ့ရမဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ရမှုတွေကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ကွီးတို့ ပြုမှုနေထိုင်မှုပုံစံပေါ်မူတည်ပြီး လျော့ပါးသက်သာအောင်တော့ လုပ်လို့ရပါတယ်။ ဒါကြောင့် ကွီးတို့ကို စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသွားအောင် ဘယ်လို ပြုမှုနေထိုင်သင့်သလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသွားအောင် ပြုမှုနေထိုင် သင့်တဲ့ နည်းဗျူဟာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

(၁) ကိုယ့်အတွက် အချိန်ပိုယူပါ

စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသွားအောင် ပြုမှုနေထိုင်

Photo : MARCA

စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသွားအောင် ပြုမှုနေထိုင်သင့်တဲ့ ပထမဆုံးအချက်ကတော့ ကိုယ့်အတွက်အချိန်ပိုယူခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ စိတ်ဖိစီးလာပြီ ၊ ကိုယ်ဘာမှ မတတ်နိုင်တဲ့အခြေအနေအတွက် စိုးရိမ်ပူပန်မှုတွေရှိလာပြီဆိုရင် အရင်ဆုံး ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာသတိပြုပါ။ ထို့နောက် ထိုစိတ်ဖိစီးမှုတွေကို ဖြေလျော့ဖို့ တရားထိုင်ပါ။ ယောဂကျင့်ပါ။ သို့မဟုတ် ကွီးတို့ဝါသနာပါရာ တစ်ခုခုကိုလုပ်ပါ။ ကိုယ့်အတွက်အချိန်ယူပြီး အပန်းဖြေပါ။ ပြဿနာများမှ ခဏနောက်ဆုတ်လိုက်ပါ။ ကွီးတို့ စိတ်တည်ငြိမ်ပြီး ခေါင်းရှင်းသွားမှ အဖြေရှာပါ။

(၂) အရာရာကို ထိန်းချုပ်လို့ မရဘူးဆိုတာ လက်ခံပါ

စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသွားအောင် ပြုမှုနေထိုင်

Photo : UpJouurney

တစ်ခါတစ်ရံမှာ လူသားတွေဟာ ကိုယ်ဘာမှမတတ်နိုင်တဲ့ အခြေအနေအတွက် စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာတွေ ရှိတတ်ပါတယ်။ ဒါဆို တခြားရူထောင့်ကနေတစ်ချက် ပြန်စဉ်းစားပါ။ တကယ်ပဲကိုယ်ထင်သလောက် ဆိုးဝါးနေသလား။ ကိုယ်တစ်ယောက်သာ အစိုးရိမ်လွန်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ လူတစ်ယောက်ဟာ အရာရာကို ကိုယ်ဖြစ်စေချင်သလို၊ ကိုယ့်စိတ်ကြိုက် ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အရာရာကို ထိန်းချုပ်လို့ မရဘူးဆိုတာ လက်ခံပါ။

(၃) အစာအာဟာရ မျှတအောင်စားပါ

စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသွားအောင် ပြုမှုနေထိုင်

Photo : myBioma

စိတ်ဖိစီးမှုတွေကြောင့် အစားမစားဖြစ်တာမျိုး သတိထားပြီး ရှောင်ကြဉ်ရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စွမ်းအင်တိုးစေတဲ့ အစားအစာများစားသုံးပေးပါ။

(၄) အယ်လ်ကိုဟောနဲ့ ကဖိန်းဓာတ်ကို ကန့်သတ်ထားပါ

စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသွားအောင် ပြုမှုနေထိုင်

Photo : Restore Health

အယ်လ်ကိုဟောနဲ့ ကဖိန်းဓာတ်ဟာ ကွီးတိုရဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုကို ပိုမိုဆိုးစေတဲ့အတွက် သတိထားပြီး ရှောင်ကြဉ်ပါ။ သို့မဟုတ် ကန့်သတ်ထားပါ။ စိတ်ညစ်မှုကြောင့် အရက်သောက်ရင် စိတ်ညစ်မှုတွေဟာ လျော့ပါးမသွားပါဘူး။ တစ်ခါတစ်ရံမှာ ပိုမိုဆိုးဝါးတဲ့ အခြေအနေတွေ ၊ ရလဒ်တွေ ဖြစ်လာဖို့ကိုသာ ဦးတည်ပါလိမ့်မယ်။

(၅) လုံလုံလောက်လောက် အိပ်စက်ပါ

Stress and Anxiety

Photo : The Sleep Shop Inc

စိတ်ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုတွေကို ကြုံတွေ့ခံစားရတဲ့အခါ ကွီးတို့ရဲ့ခန္ဓာကိုယ်ဟာ အိပ်စက်အနားယူဖို့ ပိုလိုအပ်ပါတယ်။ စိတ်ပင်ပန်းမှုတွေကို ခဏမေ့ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကြိုးစားလိုက်ပါ။ ကောင်းမွန်စွာအိပ်စက်အနားယူခြင်းကလည်း စိတ်ဖိစီးမှုတွေကိုလျော့ကျစေပါတယ်။

(၆) ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

Stress and Anxiety

Photo : Vista Create

စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသွားအောင် ပြုမှုနေထိုင်ခြင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်းကလည်း အဓိက အရေးပါတဲ့ အချက်တစ်ချက်ပါ။ တစ်နေ့လျှင် နာရီဝက် သို့မဟုတ် တစ်နာရီခန့် ကိုယ်ကြိုက်နှစ်သက်ရာ လေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့ရဲ့ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစိးမှုတွေကို လျော့ကျစေရုံသာမက ခန္ဓာကိုယ်ကိုပါ ကျန်းမာသန်စွမ်းစေပါတယ်။

(၇) အကောင်းမြင်စိတ်ထားရှိပါ

Stress and Anxiety

Photo : Goodnet.Org

အကောင်းမြင်စိတ် ထားရှိခြင်းကလည်း ကွီးတို့ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ပါးစေပါတယ်။ အချို့သော အခြေအနေတွေ၊ ကိစ္စရပ်တွေမှာ ကိုယ့်ရဲ့မကောင်းမြင်တဲ့စိတ်၊ အပျက်သဘောဆောင်တဲ့ စိတ်ကြောင့် ပိုမိုဆိုးဝါးတဲ့အခြေအနေအဖြစ် ရှု့မြင်နေရတာပါ။ ထိုမကောင်းမြင်စိတ်၊ အပျက်သဘောင်ဆောင်တဲ့ စိတ်တွေကို အကောင်းမြင်စိတ်နဲ့ အစားထိုးလိုက်ပါ။ တကယ်ကို စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသွားကို ကွီးတို့ လက်တွေ့ခံစားရမှာပါ။

(၈) တစ်စုံတစ်ယောက် နဲ့တိုင်ပင်ပါ

Stress and Anxiety

Photo : Reader’s Digest Australia

ကွီးတို့ စိတ်ဖိစီးနေရတာ စိုးရိမ်ပူပန်နေရတာတွေကို ကွီးတို့မိသားစုကို သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်း သော်လည်းကောင်း၊ ချစ်သူကိုလည်းကောင်း ရင်ဖွင့်တိုင်ပင်ကြည့်ပါ။ ဘယ်လို အကူအညီတွေရနိုင်မလဲဆိုတာ  ‌ဆွေးနွေးပါ။ ကိုယ့်ရဲ့ ခံစားချက်တွေကို မျှဝေခံစားပေးတဲ့ သူများကြောင့်လည်း ကွီးတို့ရဲ့ စိတ်ပင်ပန်းမှု အနည်းနဲ့အများကို လျော့ကျစေနိုင်ပါတယ်။ ဒါမှမဟုတ် ကွီးတို့အနေနဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှု ပြင်းထန်နေပါက ကျွမ်းကျင်သောပညာရှင် သို့မဟုတ် ကုထုံးပညာရှင်များနှင့်ဆွေးနွေး တိုင်ပင်ပြီး အကူအညီရယူပါ။

အထက်ပါဖော်ပြချက်များကတော့ ကွီးတို့အတွက် စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသွားအောင် ပြုမှုနေထိုင်သင့်တဲ့ နည်းလမ်းများပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတွေကို လျော့ပါးအောင် မကြိုးစားဘဲ ကြာရှည်လာပါက စိတ်ကျရောဂါကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများအပြင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်တာကြောင့် သတိပြုနေထိုင်ရပါမယ်။ စိတ်သည်သာ အခရာပါ။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာ မှာပါ။

Source : Adda

Featured Photo : Anxiety