မန်ချက်စတာ စီးတီး အသင်းကတော့ ဒီနောက်ပိုင်းနှစ်တွေထဲ အင်္ဂလန်ပြည်တွင်းမှာရော ဥရောပမှာပါ အောင်မြင်မှုတွေ ဆက်တိုက် ရယူလာနိုင်ပြီး အသင်းရဲ့ ပုံရိပ်ဟာလည်း အတော်လေးကို မြင့်မားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီဆိုရင်လည်း အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဖလား(၃)လုံး ချန်ပီယံ Treble Champions ကိုပါ ရယူနိုင်ခဲ့တဲ့အတွက် မန်စီးတီးအသင်းရဲ့ ဂုဏ်သတင်း ကျော်ဇော်မှုတွေက ပိုမိုပြီးတော့ ကြီးမားလာခဲ့ရပါတယ်။

premier league champions man city

Photo Credit: The New York Times

ဒီလို အောင်မြင်မှုတွေ တောက်လျှောက် ပိုင်ဆိုင်နေတဲ့ မန်စီးတီးအသင်းဟာ မနေ့ညက ဝက်စ်ဟမ်းအသင်းကို အနိုင်ရလိုက်တာကြောင့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံပါ ဖြစ်သွားခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဘောလုံးရာသီ (၄)ရာသီဆက်တိုက် ချန်ပီယံဖြစ်တဲ့ အသင်းပါ ဖြစ်သွားခဲ့ရပါတယ်။ ဒီစံချိန်ဟာ ရိုက်ချိုးရ အရမ်းခက်ခဲနိုင်တဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခု ဖြစ်နေမှာ သေချာနေပြီး နှစ်ပေါင်းများစွာအထိပါ ဆက်လက် တည်တံ့နိုင်မယ့် မှတ်တမ်းတစ်ခုပါ ဖြစ်နေနိုင်ပါတယ်။

carson

Photo Credit: Marca

ဒီလို အောင်မြင်မှုတွေ အလီလီ ရယူထားနိုင်တဲ့ မန်စီးတီးအသင်းမှာ အတော်လေး ထူးဆန်းတဲ့ ကစားသမားတစ်ဦးပါ ရှိနေပြန်ပါတယ်။ ဒီကစားသမားကတော့ အသက် (၃၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂိုးသမားကြီး စကော့ ကာဆန်ပါ။ လိဒ်စ် လီဗာပူးလ် ဗီလာ ဝက်စ်ဘရွန်း ချာတန် ရှက်ဖီးဝင့်စ်ဒေး ဝီဂန် ဒါဘီတို့လို အင်္ဂလန် ကလပ်အသင်းတွေမှာ ပါဝင်ခဲ့ဖူးတဲ့ ဂိုးသမား ကာဆန်ဟာ ၂၀၁၉ကတည်းက စီးတီး အသင်းဆီကို အငှားနဲ့ ရောက်ရှိလာရင်း (၂)ရာသီ အငှားစာချုပ် ပြည့်မြောက်ချိန်မှာပဲ အသင်းဆီ အပြီးသတ်ပါ ပြောင်းရွှေ့ခဲ့ပါတယ်။

goalkeeper carson

Photo Credit: SPORTbible

တကယ်တော့ ဂိုးသမား ကာဆန်ဟာ မန်စီးတီးအတွက် နောက်ဆုံး ဦးစားပေး ဂိုးသမား ဖြစ်တာမို့ အသင်းအတွက် ပွဲကစားခွင့်တွေ သိပ်မရရှိခဲ့ပဲ ၂၀၂၀-၂၁ ရာသီက ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲမှာ ပွဲချိန်ပြည့် ကစားခွင့်ရခဲ့ပြီး ၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်ပွဲမှာ ပွဲချိန် (၁၇)မိနစ် အဲ့ဒီနှစ်ချိန်လေးသာ ပါဝင်ကစားခဲ့ ရပါတယ်။ စုစုပေါင်း ပွဲချိန် (၁၀၇)မိနစ်သာ ကစားထားရတဲ့ ဂိုးသမား ကာဆန်ဟာ စီးတီး နဲ့အတူ ပရီးမီးယားလိဂ်ဖလား (၄)လုံး ချန်ပီယံလိဂ်ဖလား (၁)လုံး ဥရောပ စူပါဖလား (၁)လုံး ကလပ်ကမ္ဘာ့ဖလား (၁)လုံး အက်ဖ်အေဖလား (၁)လုံး လိဂ်ဖလား (၂)လုံးနဲ့ ကွန်မြူနတီဒိုင်းဖလား (၁)လုံး စုစုပေါင်း ဖလား(၁၁)လုံးအထိပါ အံ့အားသင့်စဖွယ် ပိုင်ဆိုင်ခဲ့ရပါတယ်။

Featured Photo: Manchester City FC