ဆော်ဒီပရိုလိဂ်ရဲ့ နာမည်ကြီး ကလပ်အသင်း အယ်လ်ဟီလယ် ကတော့ ပေါ့သေးသေး အသင်း မဟုတ်ပါဘူး။ လီယွန်နယ် မက်ဆီ အင်တာ မိုင်ယာမီအသင်းဆီ မပြောင်းရွှေ့ခင် ကမ္ဘာမှာ ဘယ် ဘောလုံးသမားမှ မရရှိနိုင်တဲ့ လုပ်ခ လစာမျိုးနဲ့ မက်ဆီကို ကမ်းလှမ်းခဲ့တဲ့ အသင်းတစ်သင်းပါ။ အခုလည်း ဒီအသင်းက ဥရောပ ကလပ်တွေ အလိုရှိနေခဲ့တဲ့ ကစားသမားတစ်ဦးကိုပါ ထပ်မံ ခေါ်ယူလိုက်နိုင်ပါတယ်။
Photo Credit : The Athletic
ဒီကစားသမားကတော့ မီလင်ကိုဗစ် ဆာဗစ်ပါ။ တကယ်ကို ဘောလုံး အရည်အသွေးကောင်းလှတဲ့ ဆာဘီးယား ကွင်းလယ် ကစားသမားတစ်ဦး ဖြစ်ပြီး သူ့ကို ရီးယဲလ် မက်ဒရစ်လို အသင်းကြီးမျိုးကတောင် စိတ်ဝင်စားခဲ့ဖူးပါတယ်။ ပရီးမီးယားလိဂ်မှာဆိုရင်လည်း မန်ယူနိုက်တက် အာဆင်နယ် လီဗာပူးလ်တို့ မကြာခဏ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသလို စီးရီးအေမှာတောင် မီလန်က ဒီကစားသမားအတွက် ယူရို သန်း (၁၄၀)နဲ့ ကမ်းလှမ်းခဲ့ဖူးသေးတယ်လို့ လာဇီယို ဥက္ကဌကိုယ်တိုင် ပြောဆိုခဲ့ပါသေးတယ်။ ဒီလောက်ကို နာမည်ကျော်တဲ့ ကစားသမားက အသက် (၃၀)တောင် မပြည့်သေးချိန်မှာပဲ ဆော်ဒီကလပ်ဆီ ဒိုးသွားခဲ့ပါတယ်။
Photo Credit : Arab News
ဒါကလည်း ငွေကြေးရဲ့ ဆွဲဆောင်မှုကြောင့်လို့ ပြောရင် မှားမယ် မထင်ပါဘူး။ အယ်လ်ဟီလယ်က လာဇီယိုနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့တဲ့ မီလင်ကိုဗစ်ကို တစ်နှစ်လုပ်ခ ယူရို သန်း(၂၀) ပေးချေသွားဖို့ ကမ်းလှမ်းလိုက်ချိန်မှာ မီလင်ကိုဗစ်လည်း ဒီကမ်းလှမ်းမှုကို ဘယ်လိုမှ မငြင်းဆန်နိုင်တော့တဲ့အပြင် လာဇီယိုကိုပါ မီလင်ကိုဗစ် ပြောင်းရွှေ့ကြေးအတွက် ယူရို သန်း (၄၀) ပေးချေသွားမယ်လို့ ကမ်းလှမ်းလိုက်ချိန်မှာ လာဇီယိုကလည်း လက်ခံသွားခဲ့ပါတယ်။
Photo Credit : Arbrain Business
တကယ်တော့ အယ်လ်ဟီလယ် အသင်းဟာ နာပိုလီအသင်းနဲ့ အလွန် တောက်ပခဲ့ဖူးတဲ့ ဆီနီဂေါ နောက်ခံလူ ကူလီဘလီကို ချယ်လ်ဆီးကနေ ခေါ်ယူထားခဲ့သလို ပေါ်တူဂီ ကွင်းလယ်လူ ရူဘင် နေးဗက်စ်ကိုလည်း ဝုလ်ဗ်အသင်းကနေ ခေါ်ယူထားခဲ့ပါသေးတယ်။ အခု မီလင်ကိုဗစ်ကို ခေါ်ယူထားပြီးချိန်မှာတောင် တိုက်စစ်အတွက် လူကာကူ မီထရိုဗစ်တို့ကိုပါ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားသေးတာဖြစ်လို့ နောက်ထပ် ဘယ်ကစားသမားတွေကိုများ ထပ်မံ ခေါ်ယူသွားနိုင်ဦးမလဲဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။