မသုံးဖြစ်တော့တဲ့ စွန့်ပစ်သစ်သား တွေဆိုတာ အမှိုက်ထဲက ရွှေပါ။ ကွီးတို့အနေနဲ့ စွန့်ပစ်ထားတဲ့ သစ်သားအပိုင်းအစတွေကနေ အသုံးဝင်တဲ့ အိမ်တွင်းသုံးပစ္စည်းတွေကို ပြန်လည်ဖန်တီးနိုင်ပါတယ်။ ငွေကုန်ကြေးကျ သက်သာစွာနဲ့ အိမ်တွင်းသုံးပစ္စည်းတွေကို ကိုယ်တိုင်ပြန်လည် ဖန်တီးချင်တယ်ဆိုရင်တော့ လွယ်ကူရိုးရှင်းတဲ့ DIY ပရော့ဂျက်လေးတွေကို ပြောပြပေးပါမယ်။
(၁) နံရံကပ် DIY စာအုပ်စင်

Photo : DIY Candy
ဒါကတော့ စွန့်ပစ်သစ်သား ပြားတွေနဲ့ မသုံးဖြစ်တော့တဲ့ သံပိုက်အဟောင်းတွေကို ပေါင်းစပ်ပြီး ဖန်တီးနိုင်မယ့် နံရံကပ် DIY စာအုပ်စင်လေး ဖြစ်ပါတယ်။ ခေတ်ဆန်တဲ့ ဒီဇိုင်းနဲ့ ရိုးရှင်းလှပမှုတို့ကို ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ကွီးတို့နေအိမ်ရဲ့ ဧည့်ခန်းလိုနေရာတွေမှာ ထားဖို့အသင့်တော်ဆုံး ဖြစ်ပါတယ်။
(၂) DIY သစ်သားခြေနင်းပြား

Photo : DIY Candy
အိမ်ရှေ့တံခါးအဝင်ဝမှာ အများဆုံး ထားတက်ကြပါတယ်။ အလယ်ခေတ်စတိုင်ကိုမှီငြမ်းထားတဲ့ သစ်သားခြေနင်းပြားပါ။ စွန့်ပစ်သစ်သား ချောင်းလေးတွေကို အစီအရီတွဲချိတ်ပြီး ဖန်တီးရတာ ဖြစ်ပါတယ်။ နှစ်သက်တဲ့ ဆေးရောင်ကိုအသုံးပြုပြီး အလှဆင်နိုင်ပါတယ်။ DIY သစ်သားခြေနင်းပြားလေးးက ထင်ထားတာထက်လုပ်ရတာ ပိုလွယ်ပြီး အိမ်ရှေ့မျက်နှာစာကိုလည်း ခမ်းနားလှပသွားစေမှာ ဖြစ်ပါတယ်။
(၃) DIY အိပ်ရာအခင်း

Photo : DIY Candy
အခုနောက်ပိုင်းမှာ Minimalist စတိုင်တွေ ရေပန်းစားလာတာနဲ့အမျှ ပရိဘောဂ ပစ္စည်းတွေကိုလည်း ရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပေါးတဲ့ ဒီဇိုင်းတွေ သုံးလာကြပါတယ်။ အဓိကအားဖြင့်တော့ ကုတင်တွေနေရာမှာ လူငယ်ဆန်ပြီး သက်တောင့်သက်သာရှိတဲ့ သစ်သားအိပ်ရာအောက်ခံအခင်းတွေကို အစားထိုးအသုံးပြု လာကြတာပါ။ ထင်းရှုးသား သစ်သားချောင်းတွေကို အချောသပ်ပြန်ရိုက်ပြီး DIY အိပ်ရာအောက်ခံအခင်းပြားလေးတစ်ခု ဖန်တီးလို့ရပါတယ်။
(၄) အသေးစား DIY ဝိုင် Bar
Photo : DIY Candy
အိမ်မှာပဲ ဝိုင်ကောင်းကောင်းလေးတွေ အရသာခံမြည်းစမ်းရတာကြိုက်တဲ့ ကွီးတို့အနေနဲ့ စွန့်ပစ်သစ်သား တွေကို အသုံးပြုပြီး အသေးစား DIY နံရံကပ် ဝိုင် Bar လေးတစ်ခု ဖန်တီးနိုင်ပါတယ်။ ဝိုင်ပုလင်းတွေ ၊ ဖန်ခွက်တွေ ၊ Bar နဲ့ ဆက်စပ်ပစ္စည်းတွေကို သေသေသပ်သပ်နဲ့ သူ့နေရာနဲ့သူထားလို့ရအောင် အကန့်လေးတွေ ပြုလုပ်ဖန်တီးလို့ရပါတယ်။ နံရံကပ် ဝိုင် Bar ဖြစ်တာကြောင့် အိမ်တွင်းမှာလည်း နေရာမယူတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ အိမ်တွင်းအလှအဆင် ပစ္စည်းတစ်ခုအဖြစ် တင့်တယ်ခမ်းနားနေမှာ ဖြစ်ပါတယ်။
ဒါကတော့ စွန့်ပစ်သစ်သား အပိုင်းအစတွေကနေ အသုံးတည့်တဲ့ အိမ်တွင်းသုံးပစ္စည်းတွေ ပြန်လည်ဖန်တီးနိုင်မယ့် အလွယ်ကူဆုံး DIY ပရော့ဂျက်လေးတွေ ဖြစ်ပါတယ်။ ကွီးတို့ရော အားလပ်ချိန်တွေမှာ DIY ပရော့ဂျက်လေးတွေ ဖန်တီးရတာ နှစ်သက်ပါသလား။
Photo : Woodworking Projects

