စွန့်ဦးတီထွင်သမား တွေဆိုတာ ကိုယ်တိုင်လမ်းသစ်ဖောက် လမ်းသစ်လျောက်ကြသူတွေဖြစ်ပြီး စွန့်စားမှုနဲ့ စိတ်အားထက်သန်မှု အပြည့်ရှိကြသူတွေလို့ ပြောနိုင်ပါတယ်။ သမားရိုးကျလမ်းစဉ်နဲ့ ကွဲထွက်နေတဲ့ လုပ်ငန်းသစ်တစ်ခုကို ဆန်းသစ်တီထွင်လိုစိတ်ရှိကြသလို ဇွဲလုံ့လနဲ့ စူးစမ်းလေ့လာ မှုပိုင်းမှာလည်း အားကောင်းကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ကိုယ့်ကိုယ့်ကို ဘောင်ခတ်မထားဘဲ လွတ်လပ်စွာ စဉ်းစားတွေးခေါ် လေ့ ရှိကြပါတယ်။ တော်တဲ့ထက်တဲ့ စွန့်ဦးတီထွင် သမားတိုင်းဟာ ဗဟုသုတ နှံ့ဆက်ပြီး စာဖတ်အားလည်းကောင်းကြသလိုလေ့လာ သင်ယူမှုတွေနဲ့ အမြဲ လက်ပွန်းတသီး ရှိကြသူတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အောင်မြင်တဲ့ စွန့်ဦးတီထွင် သမား တစ်ယောက်ဖြစ်ဖို့ လေ့လာဖတ်ရှု့သင့်တဲ့ စာအုပ် ၆ အုပ်အကြောင်း ပြောပြပေးချင်ပါတယ်။
(၁) The Entrepreneur Mind

Photo : Siachen Studios
The Entrepreneur Mind စာအုပ်ကတော့ Kevin Johnson ရဲ့ စိတ်ခွန်အားမြှင့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ စွန့်ဦးတီထွင် သမားတွေရဲ့ စိတ်ထဲက မေးခွန်းတိုင်းကို ဒီစာအုပ်မှာ ဖြေကြားပေးထားပါတယ်။ နောက်ပြီး ဒီစာအုပ်ဟာ စွန့်ဦးတီထွင်သူတစ်ယောက်မှာရှိသင့်တဲ့ စရိုက်လက္ခဏာတွေနဲ့ အလေ့အထတွေကို ပုံဖော်ထားပါတယ်။ စွန့်ဦးတီထွင်သမားတိုင်း ဖတ်သင့်တဲ့အကောင်းဆုံး စာအုပ်တွေထဲက တစ်အုပ်ဖြစ်ပါတယ်။
(၂) Founders At Work

Photo : Siachen Studios
Founders at Work: Stories of Startups’ Early Days စာအုပ်ကတော့ အမေရိကန် စာရေးဆရာမ Jessica Livingston ရဲ့ လက်ရာ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ လက်ရှိ စွန့်ဦးတီထွင် စီးပွားရေးနယ်ပယ်ထဲက ကျော်ကြားတဲ့ Mitch Kapor (Lotus) ၊ Tim Brady (Yahoo) ၊ Charles Geschke (Adobe) တို့လို လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံးမေးမြန်းပြီး သူတို့ရဲ့ အတွေ့အကြုံကောင်းတွေကို ပြန်လည်မျှဝေထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ စွန့်ဦးတီထွင် သမားတိုင်း ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဆိုလည်း မမှားပါဘူး။
(၃) How To Win Friends And Influence People

Photo : Siachen Studios
How To Win Friends And Influence People စာအုပ်ကတော့ Dale Carnegie ရဲ့ နာမည်ကြီး စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ Dale Carnegie က ဒီစာအုပ်ထဲမှာ လူတွေကို ကိုင်တွယ်ထိန်းချုပ်တဲ့ အခြေခံနည်းစနစ်တွေနဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ အခြေခံမူတွေကို ရှင်းပြထားပါတယ်။ ဒီစာအုပ်ဟာ စွန့်ဦးတီထွင် သမားတိုင်း သေချာပေါက် ဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်သလို အရောင်းရဆုံးစာအုပ်တွေထဲက တစ်အုပ်လည်း ဖြစ်ပါတယ်။
(၄) Think And Grow Rich

Photo : Siachen Studios
Think And Grow Rich စာအုပ်က Napolean Hill ရဲ့ အကျော်ကြားဆုံး စာအုပ်တွေထဲက တစ်အုပ်ဖြစ်ပါတယ်။ Napolean Hill ဟာ အောင်မြင်တဲ့လူများစွာကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာခဲ့သူ တစ်ယောက်ပါ။ အဲ့ဒီနောက်မှာ Napolean Hill ဟာ ဘဝအောင်မြင်ရေးအတွက် လိုက်နာရမယ့် စည်းမျဉ်းအချို့ကို အဆိုပြုရေးသားခဲ့ပါတယ်။ ဒီစာအုပ်ဟာ အောင်မြင်လိုစိတ်ရှိသူတိုင်း ဖတ်ကြည့်သင့်တဲ့ အောင်မြင်ခြင်းဆိုင်ရာ ဒဿနိကဗေဒ စာအုပ်တစ်အုပ်ဖြစ်ပြီး အကောင်းဆုံး စွန့်ဦးတီထွင်စာအုပ်တွေထဲက တစ်အုပ်လည်း ဖြစ်ပါတယ်။
(၅) The Lean Startup
Lean Startup စာအုပ်ဟာ Eric Ries ရဲ့ စွန့်ဦးတီထွင် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ ဒစာအုပ်ဟာ Startups လုပ်ငန်းတွေအတွက် အစီအစဉ်ရေးဆွဲခြင်းနဲ့ စီမံခန့်ခွဲခြင်းဆိုင်ရာ စိတ်ကူးစိတ်သန်းကောင်းတွေကို ပေးစွမ်းထားပြီး စိတ်အားထက်သန်မှုရစေမယ့် အကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ Eric Ries ဟာ Startups လုပ်ငန်းတွေအတွက် အရေးကြီးတဲ့ Lean Startup နည်းဗျူဟာကို မျှဝေထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ကမ္ဘာတဝှမ်း မတူညီတဲ့ဘာသာစကားပေါင်း ၃၀ ကျော်နဲ့ ဘာသာပြန်ဆိုရေးသားထားတဲ့ အကောင်းဆုံး စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
(၆) Zero To One

Photo : Siachen Studios
Zero To One စာအုပ်က Peter Thiel နဲ့ Blake Masters တို့ရဲ့ နာမည်ကြီး စွန့်ဦးတီထွင်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ လုပ်ငန်းသစ်တွေချဲ့ထွင်ခြင်းနဲ့ ရှိပြီးသား လည်ပတ်နေတဲ့လုပ်ငန်းတွေ ပိုမို ဖွံ့ဖြိုးတိုးတက်စေဖို့ လမ်းညွှန်ချက်ကောင်းတွေကို အဓိကထား ရေးသား ထားပါတယ်။ လုပ်ငန်းသစ်တစ်ခု စတင်တဲ့အခါ သုညကနေ ၁ ကိုရောက်အောင် ဘယ်လိုဘယ်ပုံ လုပ်ဆောင်ရမလဲဆိုတဲ့ အချက်တွေ ရေးသားထားပါတယ်။ စွန့်ဦးတီထွင်သမားတိုင်းအတွက် ကောင်းမွန်တဲ့ အတွေးအခေါ် သစ်တွေ ရနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
Featured Photo : Entrepreneur

