ဘယ်အသက်အရွယ်မဆို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ဦးစီးဦးဆောင် လုပ်ကိုင်နေတယ်ဆိုရင် လေးစားအတုယူစရာပါပဲ။ ဒီနေ့ခေတ် အသေးစား စီးပွားရေးလုပ်ငန်းတွေ အများအပြား ရှိလာတဲ့အထဲမှာ ကလေးတွေရဲ့  စွန့်ဦးတီထွင် လုပ်ငန်းတွေလည်း များပြားလာပါတယ်။ ကလေးတွေဆိုတာ စိတ်ကူးယဉ်ဆန်ပြီးတော့ တီထွင်ဖန်တီးနိုင်ကြတဲ့အတွက် မိသားစုရဲ့ အကူအညီနဲ့ ပံ့ပိုးမှုတွေရှိရင် စွန့်ဦးတီထွင် သူတွေဖြစ်လာနိုင်ပါတယ်။ အခုပြောပြပေးမှာက ဒီလိုအတုယူစရာ စီးပွားရေးလုပ်ငန်းဆိုင်ရာ တီထွင်ဖန်တီးမှုတွေလုပ်ထားတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် ကလေးငယ် ၅ ယောက်ရဲ့ အကြောင်းပါ။ စိတ်ဝင်စားတယ်ဆိုရင် အောက်မှာဖတ်ကြည့်လိုက်ပါဦး။

(၁) Nay Games တည်ထောင်သူ Robert Nay

 စွန့်ဦးတီထွင် လုပ်ငန်းရှင်
Photo : HuffPost

၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှာ “Bubble Ball” မိုဘိုင်းဂိမ်းအသစ်ဟာ Apple App Store ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စတင်ပြီး ၂ ပတ်အကြာမှာပဲ လူကြိုက်များတဲ့ ဂိမ်းအက်ပလီကေးရှင်း “Angry Birds” ကို ကျော်လွန်ပြီးတော့ Apple မှာ Download လုပ်သူအများဆုံး အခမဲ့ဂိမ်းအဖြစ် အသုံးပြုသူ ၁ သန်းရရှိခဲ့ပါတယ်။ ဒီဂိမ်းရဲ့ စွန့်ဦးတီထွင်သူကတော့ အသက် ၁၄ နှစ်အရွယ် ချာတိတ်လေး Robert Nay ဖြစ်ပြီးတော့ Robert က အများသုံးစာကြည့်တိုက် တစ်ခုမှာ Bubble Ball ကိုဖန်တီးဖို့ သူသိချင်တာတွေကို လေ့လာခဲ့တာပါ။ စာကြည့်တိုက်မှာ သုတေသနလုပ်ပြီး တစ်လအတွင်းမှာပဲ Bubble Ball ကို တည်ဆောက်ဖို့ လိုအပ်တဲ့ ကုဒ်လိုင်းပေါင်း ၄၀၀၀ ကို ရေးခဲ့ပါတယ်။ အခုအခါ Bubble Ball Game ကို အဆင့်အသစ် ၂၄ ဆင့်ပေးထားပြီး Robert က နောက်ထပ် အက်ပလီကေးရှင်း အသစ်ကိုလည်း ထပ်မံလုပ်ဆောင်နေပါတယ်။

(၂) Leanna’s Essentials ကိုတည်ထောင်သူ Leanna Archer

 စွန့်ဦးတီထွင် လုပ်ငန်းရှင်
Photo : NY Daily News

အဖွားဖြစ်သူရဲ့ ဆံပင်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းလမ်းနဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့ချိန်မှာ Leanna Archer ဟာ အသက် ၉ နှစ်သာ ရှိပါသေးတယ်။ သူမရဲ့ ဆံပင်ကို လူတွေအမြဲချီးမွမ်းတာခံရပြီးတဲ့နောက် Leanna ကိုယ်တိုင်က သူမမှာ ကောင်းမွန်တဲ့အရာတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတာ သတိထားမိခဲ့ပါတယ်။ Leanna က ဆံပင်ထုတ်ကုန်လုပ်ငန်းကို လုပ်ချင်တဲ့အတွက် ဘိုးဘွားစဉ်ဆက် ဆံပင်ထုတ်ကုန် ထုတ်လုပ်လာတဲ့နည်းလမ်းကို စီးပွားရေးအဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၂၀ နှစ်အရွယ် စွန့်ဦးတီထွင်သူလေး Leanna ဟာ သူမအိပ်မက်မက်ခဲ့တဲ့ Leanna’s Essentials ရဲ့ CEO အဖြစ်နဲ့ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပါပြီ။

(၃) Botangle တည်ထောင်သူ Erik Finman

 စွန့်ဦးတီထွင် လုပ်ငန်းရှင်
Photo : The Mirror

Erik Finman ဆိုတဲ့အသက် ၁၅ နှစ်အရွယ်ကောင်လေးက ကျောင်းပညာရေးစနစ်နဲ့ သူ့ကိုအနိုင်ကျင့်ခံရမှုတွေကို ငြီးငွေ့လာပြီးတော့ နောက်ဆုံးမှာ ကျောင်းကထွက်ခဲ့ပါတယ်။ ဒါပေမယ့် သူက အရှုံးမပေးခဲ့ပါဘူး။ ကျောင်းထွက်ခဲ့ရပေမယ့် Erik က ပိုကောင်းတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အစောပိုင်း Bitcoin ရင်းနှီးမြုပ်နှံမှုမှာ ဒေါ်လာ ၁၀၀,၀၀၀ ငွေသားအမြတ်ရရှိခဲ့ပြီးတော့ Erik ဟာ အခကြေးငွေယူတဲ့ အခြေခံအွန်လိုင်းကျူရှင်ဝန်ဆောင်မှုဖြစ်တဲ့ Botangle ကို စတင်တည်ထောင်ခဲ့ပါတယ်။ ယခုအခါ Erik က ပရိုဂရမ်မာ အယောက် ၂၀ ပါတဲ့ ဝန်ထမ်းတွေကို ကြီးကြပ်နေပြီးတော့ Virtual Reality-Based Personal Computer ဖြစ်တဲ့ စွန့်စားမှုအသစ်တစ်ခုကို ဦးဆောင်ဖို့လည်း စီစဉ်နေပါတယ်။

(၄) Kangaroo Cups ကိုတည်ထောင်သူ Lily Born

 စွန့်ဦးတီထွင် လုပ်ငန်းရှင်
Photo : The Startup Squad

Lily ဟာ အသက် ၈ နှစ်အရွယ်မှာ ပါကင်ဆန်ရောဂါရှိနေတဲ့ သူမရဲ့အဖိုးက ရေခွက်ကိုင်တဲ့အခါ ခဏခဏဖိတ်နေတာကို သတိထားမိပြီးတော့ Kangroo Cup ကို ဖန်တီးခဲ့ပါတယ်။ ပုံသွင်းနိုင်တဲ့ ပလတ်စတစ်ကို အသုံးပြုပြီး သူမရဲ့ အဖိုးအတွက် ရေမှောက်မကျနိုင်တဲ့ ပလတ်စတစ်ခွက်ဒီဇိုင်းမျိုး ဖန်တီးပေးခဲ့တာပါ။ တစ်နှစ်အကြာမှာတော့ Lily က သူမရဲ့အဖေအတွက်ပါ ကွန်ပြူတာပေါ် ကော်ဖီဖိတ်မကျအောင် ကြွေထည်သုံးကော်ဖီခွက်ကိုပါ ထပ်မံတီထွင်ပေးခဲ့ပါတယ်။ အဲ့ဒီကနေ ဆန်းသစ်တီထွင်မှုတွေ ပိုများလာပြီးနောက်မှာ မူလ Kangaroo Cup ကနေ တခြားတီထွင်ထုတ်လုပ်တဲ့ ပစ္စည်းတွေနဲ့ပေါင်းစပ်ပြီး Imagiroo ကုမ္မဏီကို တည်ထောင်နိုင်ခဲ့ပါတယ်။

(၅) Rockstah Media တည်ထောင်သူ Farrhad Acidwalla

 စွန့်ဦးတီထွင် လုပ်ငန်းရှင်
Photo : Leader Biography

မိဘတွေဆီကရတဲ့ ဒေါ်လာ ၁ဝ ကိုအရင်းပြုပြီး လေကြောင်းနဲ့ လေယာဉ်ပုံစံဆွဲခြင်းဆိုင်ရာ Online Community တစ်ခုလုပ် ခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် Farrhad Acidwalla က လအနည်းငယ်အကြာမှာပဲ သူဖန်တီးထားတဲ့ Online Community ကို ဒေါ်လာ ၁,၂၀၀ ဖြင့် ရောင်းချနိုင်ခဲ့ပါတယ်။ အဲ့ဒီကနေ Farrhad ကို စွန့်ဦးတီထွင် မှုတွေ ဆက်လုပ်စေခဲ့တာပါ။ ၄ နှစ်ကြာတဲ့နောက်မှာ သူရဲ့ Online Community ကနေရတဲ့ ဒေါ်လာ ၄၀၀ ကို နိုင်ငံတကာအမှတ် တံဆိပ် ၊ ဈေးကွက်ရှာဖွေရေးနဲ့ ဝဘ်ဆိုဒ်ဖွံဖြိုးတိုးတက်ရေးအေဂျင်စီ ဖြစ်တဲ့ Rockstah Media မှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်မှာတော့ Farrhad ဟာ Rockstah Media အတွက် ဝန်ထမ်း ၄၂ ဦးကို ဦးစီးနေတဲ့ အောင်မြင်တဲ့ CEO ကလေးစွန့်ဦးတီထွင် လုပ်ငန်းရှင် တွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။

Featured Photo : Business Insider