ဆော်ဒီပရိုလိဂ်ပြိုင်ပွဲကတော့ ဒီနောက်ပိုင်းနှစ်လောက်မှာပဲ ထိပ်တန်း ကစားသမားတွေကို သူတို့ပြိုင်ပွဲဆီ ခေါ်ဆောင်ရင်းနဲ့ ကမ္ဘာပေါ်က ဘောလုံးပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားလာနိုင်ခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒို ၊ နေမာ ၊ ဘန်ဇီမာ ၊ မာရက်ဇ် ၊ မာနေး ၊ ကန်တေ ၊ ဖာဘင်ဟိုတို့လို ကမ္ဘာ့ထိပ်တန်း ကစားသမားတွေက အခုဆို ဆော်ဒီ လိဂ်ဆီ ရောက်ရှိနေပြီဖြစ်ပြီး ဒီကစားသမားတွေရဲ့ အရှိန်နဲ့ ဆော်ဒီလိဂ်ဟာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

famous saudi legaue stars

Photo Credit: Goal

ဒီလို ထိပ်တန်း ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားရုံနဲ့ အားမရသေးပဲ မိုဟာမက် ဆာလာ ၊ ကယ်လ်ဗင် ဒီဘရိုင်း ၊ ကက်စီမဲရိုးတို့လို ကစားသမားတွေကိုပါ ဆက်လက် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ အခုလည်း နွေရာသီ အပြောင်းအရွှေ့ကာလကို ရောက်ရှိတော့မှာဖြစ်လို့ ဆော်ဒီ ပရိုလိဂ်ဆီ နောက်ထပ် ဘယ်ထိပ်တန်း ကစားသမားတွေ ရောက်လာဦးမလဲ ဆိုတာကလည်း တကယ်ကို စိတ်ဝင်စားစရာပါ။

kevin de bruyne and his wife

Photo Credit: Goal

လက်ရှိမှာတော့ ဒီနွေထဲ မန်စီးတီးအသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းက ဆော်ဒီလိဂ်နဲ့ ပတ်သက်ပြီး အင်တာဗျူး အစီအစဉ်မှာ ဖြေဆိုလာခဲ့ပါတယ်။ ” ဆော်ဒီ လိဂ်လား။ အခု အသက်အရွယ်မှာတော့ အရာရာတိုင်းအတွက် တံခါးဖွင့်ထားရပါမယ်။ အခုက ကျွန်တော့် ကစားသမားဘဝရဲ့ နောက်ဆုံးအဆင့်မှာ မြောက်များလှတဲ့ ပိုက်ဆံတွေအကြောင်း ပြောနေကြတာဆိုတော့ ဒါက စဉ်းစားဖို့လိုပါမယ်။ အဲ့ဒီကို သွားဖို့ကလည်း ကျွန်တော့်မိန်းမအတွက် အဆင်ပြေပါတယ်။ ဒါကြောင့်လည်း ကျွန်တော့် အနာဂတ်နဲ့ ပတ်သက်ပြီး စဉ်းစားရပါမယ်။”

kevin de bruyne saudi league

Photo Credit: Clutch Points

“နောက်ပြီး ကျွန်တော် ဆော်ဒီမှာ (၂)နှစ်လောက် ကစားလိုက်မယ်ဆိုရင် ငွေကြေးပိုင်းနဲ့ ပတ်သက်ပြီး မယုံနိုင်လောက်စရာ ပမာဏတစ်ခု ရနိုင်မှာပါ။ အဲ့ဒီပမာဏက ကျွန်တော် ဘောလုံးသမားအဖြစ် ကျင်လည်ခဲ့တဲ့ (၁၅)နှစ်တာ ကာလအတွင်း မရနိုင်ခဲ့တဲ့ ပမာဏမျိူးတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒါက ခြေလှမ်းသစ်အတွက် မဖြစ်မနေ စဉ်းစားရမယ့် ကိစ္စပါပဲ။” လို့ ဒီဘရိုင်းက ပြောဆိုထားခဲ့ပါတယ်။

Featured Photo: TEAMtalk