ဆော်ဒီ ပရိုလိဂ် အသင်းတွေရဲ့ ငွေကြေး အလုံးအရင်းနဲ့ ကစားသမားတွေ ခေါ်ယူခဲ့ရာမှာ ကစားသမားတချို့ကတော့ ဆော်ဒီ အသင်းတွေဆီ ပြောင်းရွှေ့သွားခဲ့ပေမယ့်လည်း နည်းပြတွေက တော်တော်များများက ဆော်ဒီတွေရဲ့ မက်မောလောက်စရာ ကမ်းလှမ်းမှုတွေ ပယ်ချခဲ့ပြီး လက်ရှိ ကိုင်တွယ်နေတဲ့ အသင်းတွေနဲ့ပဲ ဆက်လက် ဖြတ်သန်းနေသလို အသင်းလက်မဲ့ ဖြစ်နေသူ နည်းပြတွေဟာလည်း ဆော်ဒီရဲ့ ကမ်းလှမ်းမှုတွေကို စိတ်မဝင်စားပဲ ငြင်းဆန်ခဲ့ကြပါတယ်။

mourinho

Photo Credit : Sportslens

ဆော်ဒီ ကလပ်တွေထဲမှာ ရှယ်ကြမ်းနေတဲ့ အယ်လ် ဟီလယ်အသင်းဆိုရင် နာမည်ကျော် ဘောလုံးနည်းပြကြီး ဂျိုဆေး မော်ရင်ဟိုကို ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး နည်းပြတစ်ဦး ဖြစ်လာစေမယ့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းခဲ့ဖူးပေမယ့် မော်ရင်ဟိုကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ အခုလည်း ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗားကိုပါ အယ်လ် ဟီလယ် နဲ့ အယ်လ် အာလီတို့က မက်မောလောက်စရာ ကမ်းလှမ်းမှုကြီးတွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဆေးလ်ဗားကတော့ ငြင်းဆန်ပြီး ဖူလ်ဟမ်မှာ ဆက်လက် ရှိနေဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

mendy & firmino

Photo Credit : Neija News

အယ်လ် အာလီအသင်းကတော့ ဒီဈေးကွက်ထဲမှာ တခြားသော ဆော်ဒီ ကလပ်တွေလောက် ကစားသမား အများအပြား ခေါ်ယူထားခြင်း မရှိသေးပဲ ချယ်လ်ဆီး ဂိုးသမား အက်ဒွါ မန်ဒီ နဲ့ လီဗာပူးလ် တိုက်စစ်မှူးဟောင်းကြီး ရောဘတ်တို ဖာမီနိုတို့ကိုသာ ခေါ်ယူထားပါတယ်။ ဒါပေမယ့် မန်စီးတီး တောင်ပံ ကစားသမား မာရက်ဇ်ကို ထပ်မံ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေသလို အသင်း နည်းပြနေရာအတွက်ကိုလည်း ဖူလ်ဟမ်ရဲ့ ပေါ်တူဂီ လူမျိုး ဘောလုံးနည်းပြ မာကို ဆေးလ်ဗားကို မျက်စိကျလို့နေပါတယ်။

coach silva

Photo Credit : Super Sport

ဒါကြောင့်လည်း အယ်လ် အာလီအသင်းက နည်းပြ ဆေးလ်ဗားအတွက် (၂)နှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုမယ်ဆိုရင် ပေါင် သန်း (၄၀)အထိ ပေးချေမယ်လို့ ကမ်းလှမ်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ အစပိုင်းတုန်းကလည်း အယ်လ် ဟီလယ်ကပဲ ဆေးလ်ဗားကို တစ်နှစ်လုပ်ခ ပေါင် (၁၇)သန်းနဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် ဆေးလ်ဗားကတော့ ကမ်းလှမ်းမှုတွေ အားလုံးကို ပယ်ချပြီး ဖူလ်ဟမ်အသင်းမှာသာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ဆက်နေသွားဖို့ကိုပဲ ဆုံးဖြတ်ခဲ့ပါတယ်။

Featured Photo : Football365