လီယွန်နယ် မက်ဆီ ရဲ့ ဖခင်နဲ့အေးဂျင့်ဖြစ်သူ ဂျော့ဂ်ျဟာ တစ်နှစ်လုပ်ခ ပေါင် ၂၄၅ သန်းတန် အပြောင်းအရွေ့အတွက် ဆော်ဒီကလပ် အယ်ဟီလယ်နဲ့ ဆွေးနွေးဖို့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ မြို့တော် ရီယဒ်ကို ရောက်ရှိနေတယ်လို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။
Photo : Daily Mail
ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားသားဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး ပီအက်စ်ဂျီဘက်က စာချုပ်သက်တမ်းတိုးဖို့ နှုတ်အားဖြင့် ကတိခံထားပေမယ့် ဆော်ဒီကလပ် အယ်ဟီလယ်ကလည်း မက်ဆီကိုခေါ်ယူဖို့ စိတ်ဝင်စားမှု အပြည့်ရှိနေတာ ဖြစ်ပါတယ်။
Mundo Deportivo အဆိုအရတော့ အယ်ဟီလယ်က မက်ဆီကို တစ်နှစ်လုပ်ခ ဒေါ်လာ သန်း၂၀၀ (ပေါင် ၂၄၅ သန်း) အထိပေးချေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ မက်ဆီအနေနဲ့ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက်မှာ အရှေ့အလယ်ပိုင်းကို ပြောင်းရွေ့လာလိမ့်မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေကလည်း ပိုမိုမြင့်တက်လာနေပါတယ်။ အော်ဒီထိပ်တန်းကလပ် အယ်ဟီလယ်အနေနဲ့ကတော့ လာမယ့် အပြောင်းအရွှေ့ကာလအထိ ကစားသမားခေါ်ယူမှုကို ပိတ်ခံထားရပေမယ့်လည်း ဒီနွေရာသီမှာ မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။
Photo : Daily Mail
ယခုအခါ မက်ဆီရဲ့ဖခင်ဖြစ်သူဟာ ဆော်ဒီကလပ်နဲ့ ပြောင်းရွှေ့ဆွေးနွေးဖို့ မြို့တော်ရီယဒ်ကို ရောက်ရှိလာခဲ့ကြောင်း The New Arab မှာ ဖော်ပြထားပါတယ်။ မက်ဆီရဲ့ ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့လက ဆော်ဒီအင်အားကြီးကလပ် အယ်နာဆာကို တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၅ သန်းနဲ့ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး အကယ်၍ မက်ဆီသာ အယ်ဟီလယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုပါက ရော်နယ်ဒိုထက် ပိုမိုများပြားတဲ့ လုပ်ခလစာကို ရရှိမှာ ဖြစ်ပါတယ်။
မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေအဖြစ် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေမှာ ကစားခဲ့ကြတဲ့ သမိုင်းဝင်ပြိုင်ဆိုင်မှုတွေကို ပရိသတ်တွေ မျက်ဝါးထင်ထင်မြင်တွေ့ နှစ်သက်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။ အခုတဖန် ဆော်ဒီမြေမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ကွင်းတွင်း ထိပ်တိုက်အားပြိုင်မှုတွေကို ပြန်လည်မြင်တွေ့နိုင်ဦးမလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။
Photo : Daily Mail
ဒါပေမယ့်လည်း မကြာသေးမီက ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ပီအက်စ်ဂျီအသင်းဟာ မက်ဆီ ကို ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် တစ်ရပ်ချုပ်ဆိုဖို့ ပိုမိုနီးစပ်နေပြီလို့ ဖော်ပြထားပါတယ်။
Featured Photo : Daily Mail