ဘာစီလိုနာ အသင်းကနေ ထွက်ခွာတော့မယ်လို့ လူသိရှင်ကြား အသိပေး ထုတ်ပြန်ပြီးမှ အသင်း ဥက္ကဌ လာပေါ်တာတို့ အဆွယ်ကောင်းလို့ အသင်းမှာပဲ ဆက်နေတော့မယ်ဆိုပြီး စိတ်ကူးပြောင်းခဲ့တဲ့ နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ကို အခုတော့ အသင်းနည်းပြရာထူးကနေ ချက်ချင်း ထုတ်ပယ်လိုက်ပြီ ဖြစ်တာကြောင့် ဇာဗီက လာမယ့် တနင်္ဂနွေနေ့ ဆီဗီလာနဲ့ ပွဲအပြီးမှာပဲ ဘာစီလိုနာ နည်းပြရာထူးကနေ စွန့်ခွာရပါတော့မယ်။

xavi barca

Photo Credit: Clutch Points

ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက်လည်းဖြစ် ဘာစီလိုနာရဲ့ ဂန္တဝင် ကစားသမားဟောင်းလည်းဖြစ်တဲ့ ဇာဗီက ဘာစီလိုနာကို နည်းပြတစ်ဦးအဖြစ် ရောက်လာခဲ့ချိန်မှာ အားလုံးက ဝိုင်းဝန်း ကြိုဆိုခဲ့ကြပြီး ဘာစီလိုနာနဲ့ ဇာဗီတို့ ပြန်လည် ပေါင်းစည်းမှုကိုလည်း ဘောလုံးရပ်ဝန်းက စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်လာကြပါတယ်။ ဇာဗီက သူရဲ့ ဘာစီလိုနာ နည်းပြဘဝမှာ အသင်းကို လာလီဂါ အဆင့်(၂)နေရာနဲ့ ရာသီသိမ်းနိုင်အောင် စွမ်းဆောင်ခဲ့ပြီး ဒုတိယရာသီမှာတော့ ဘာစီလိုနာ ကို လာလီဂါဖလားနဲ့ စပိန်စူပါဖလားတို့ပါ ရယူပေးခဲ့ပါတယ်။

xavi la liga trophy

Photo Credit: Vivagoal

အခုကတော့ ဇာဗီဟာ ဘာစီလိုနာ နည်းပြဘဝ တတိယမြောက်ရာသီကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။ ဒီရာသီထဲမှတော့ ဇာဗီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အတော်လေးကို အကြောင်းထူးခဲ့ရပြီး အိမ်ကွင်းမှာ ဗီလာရီးယဲလ်ကို (3-5)နဲ့ ရှုံးနိမ့်လိုက်ရတဲ့ ပွဲစဉ်အပြီးမှာပဲ ဇာဗီက ဒီရာသီကုန်တာနဲ့ ဘာစီလိုနာ နည်းပြရာထူးကနေ ထွက်ခွာတော့မယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ အဲ့လို ထုတ်ပြန်ပြီးနောက်ပိုင်းကတည်းက ဘာစီလိုနာဟာ တောက်လျှောက် ရလဒ်တွေ ဆက်တိုက်ကောင်းလွန်းနေတာကြောင့် လာပေါ်တာက သူ့အိမ်မှာ ဘုတ်အဖွဲ့ဝင်တွေရယ် ဇာဗီရယ်ကို အစည်းအဝေး ခေါ်ပြီး နောက်ဆုံးမှာတော့ ဇာဗီကို အသင်းမှာ ဆက်နေဖို့ သေချာလေး ဖြောင်းဖြနိုင်ခဲ့ပါတယ်။

xavi barcelona

Photo Credit: Goal

အခြေအနေတွေ ပြန်လည် တည်ငြိမ်ခါစမှ ဇာဗီဟာ အယ်လ်မီရီယာနဲ့ ပွဲမတိုင်ခင် ပြောခဲ့တဲ့ စကားတွေအပေါ် လာပေါ်တာက အတော်လေး မကျေနပ်သလို ဘုတ်အဖွဲ့ဝင်တွေကပါ ဒေါသထွက်လို့ဆိုပြီး ဇာဗီကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ အလျင်အမြန်ကို စီစဉ်လာကြပါတယ်။ အခုဆိုရင်တော့ ဆီဗီလာနဲ့ ကစားရမယ့် ရာသီပိတ်ပွဲ ပြီးတာနဲ့ ဇာဗီကို နည်းပြရာထူးကနေ ထုတ်ပယ်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသလို ဇာဗီနေရာမှာ သူတို့အသင်းကို (8-2) နဲ့ တီးထားဖူးတဲ့ ဘိုင်ယန်နည်းပြဟောင်း ဟန်ဆီ ဖလစ်ခ်နဲ့ အစားထိုးပါတော့မယ်။

Featured Photo: Goal