ညိုကီတို့က လက်ပ်တော့ ဆိုရင် မျက်နှာပြင် ကြီးကြီးကို ကြိုက်နှစ်သက်သူလား ဒါမှမဟုတ် မျက်နှာပြင် သေးပြီး ကျစ်ကျစ်လစ်လစ်နဲ့ သယ်ဆောင်ရပိုလွယ်ကူတဲ့ လက်ပ်တော့ကို ကြိုက်နှစ်သက်တဲ့သူလား။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူသလို အမြင်လည်းမတူနိုင်ပါဘူး။ ဒါ့အပြင် လက်ပ်တော့တစ်လုံးကို ရွေးချယ်ဝယ်ယူမယ်ဆိုရင် မျက်နှာပြင် အကြီးနဲ့ အသေးတစ်ခုထဲကိုပဲ ကြည့်ပြီး ရွေးချယ်ရမှာ မဟုတ်ဘဲ အခြားသော အချက်လေးများကိုလည်း သိထားသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လက်ပ်တော့ ဝယ်ဖို့စဉ်းစားနေတဲ့ ညိုကီ တို့အတွက် ၁၃ လက်မ နဲ့ ၁၅ လက်မ ဘာကို ရွေးချယ်ရမလဲဆိုတာ ပိုမိုလွယ်ကူအောင် ကွာခြားချက်လေးတွေ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Photo : MedCPU
CPU
လက်ပ်တော့တစ်လုံး ဝယ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးဆုံးတစ်ခုမှာ CPU ဖြစ်ပါတယ်။ CPU က လက်ပ်တော့များ အတွက်သာမဟုတ်ဘဲ ယေဘုယျအားဖြင့် ကွန်ပျူတာဝယ်ယူမယ်ဆို မဖြစ်မနေ ထည့်သွင်း စဉ်းစားရမယ့်အချက်ပါပဲ။ ဘာကြောင့်လဲဆိုရင် CPU က ကွန်ပျူတာရဲ့ ဦးနှောက်နဲ့ တူပြီး CPU အားကောင်းလေ၊ အပလီကေးရှင်းများနှင့် ပရိုဂရမ်များကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်လေပဲ ဖြစ်ပါတယ်။ ကောင်းမွန်သော စွမ်းဆောင်ရည်ရရှိဖို့ အနည်းဆုံး i5 သို့မဟုတ် Ryzen 5 CPU ရှိတဲ့ လက်ပ်တော့ကို အသုံးပြုသင့်ပါတယ်။ အကောင်းဆုံးစွမ်းဆောင်ရည်ကို လိုချင်ပါက i7 သို့မဟုတ် i9 CPU ကို အသုံးပြုသင့်ပါတယ်။
သို့သော်လည်း ၁၃ လက်မ လက်ပ်တော့များရဲ့ နေရာပါဝင်မှုက အကန့်အသတ်ရှိတာကြောင့် အကောင်းဆုံး (သို့) အမြင့်ဆုံး CPU ကို ရရှိဖို့ ခက်ခဲနိုင်ပါတယ်။ ၁၅ လက်မ လက်ပ်တော့ တစ်လုံးကတော့ အများအားဖြင့် i7 သို့မဟုတ် i9 CPU ကို ၎င်းတို့ရဲ့ အရွယ်အစားဖြင့် တတ်နိုင်ပါတယ်။ ၁၅ လက်မ လက်ပ်တော့များက ၁၃ လက်မ အမျိုးအစားများထက် ပိုမိုကောင်းမွန်သော CPU များအသုံးပြုနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ မြန်နှုန်းတွေကို လိုချင်ရင် ၁၅ လက်မ လက်ပ်တော့ကို ရွေးချယ်တာက ပိုကောင်းပါတယ်။
GPU
GPU ကတော့ ဂရပ်ဖစ်ကို မည်မျှ ကောင်းမွန်စွာ တင်ဆက်နိုင်သည်ကို ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။ GPU က ဗီဒီယိုတည်းဖြတ်ခြင်းနှင့် ဂိမ်းကစားခြင်းအတွက် အလွန်အသုံးဝင်ပါတယ်။ CPU ကဲ့သို့ပင်၊ ဂရပ်ဖစ်အတွက် Space လိုအပ်မှုက အရေးကြီးပါတယ်။ ၁၃ လက်မ လက်ပ်တော့အများစုကတော့ နေရာပါဝင်မှု အကန့်အသတ်ရှိတာကြောင့် အထူးဂရပ်ဖစ်ကတ် မပါဝင်ပါဘူး။ ဒါကြောင့် ညိုကီတို့က မီဒီယာနဲ့ ပတ်သတ်တဲ့ အလုပ်တွေ၊ ဗီဒီယို တည်းဖြတ်တဲ့ အလုပ်တွေလုပ်ကိုင်ရင်တော့ ပိုကောင်းတဲ့ ဂရပ်ဖစ်တွေပါတဲ့ ၁၅ လက်မ လက်ပ်တော့ကို ရွေးချယ်လိုက်ပါ။ ဒါမှမဟုတ် ကိုယ်ရဲ့ အသုံးပြုမှုက ဂရပ်ဖစ် သိပ်အရေးမကြီးဘူးဆိုရင် ၁၃ လက်မ လက်ပ်တော့ကို ရွေးချယ်နိုင်ပါတယ်။
Photo : Consumer Reports
ပေါ့ပါးမှု
လူတွေက Desktop တွေထက် လက်ပ်တော့တွေ ဝယ်ဖို့ ရွေးချယ်ရတဲ့ အဓိကအကြောင်းရင်း တစ်ခုကတော့ သယ်ဆောင်ရလွယ်ကူမှုကြောင့်ပါပဲ။ ဘယ်နေရာမဆို အလွယ်တကူ သယ်ဆောင်သွားနိုင်ဖို့ဆိုရင် ပေါ့ပါးလေ၊ ကောင်းလေပဲ မဟုတ်ပါလား။ ၁၅ လက်မ လက်ပ်တော့တွေရဲ့ အလေးချိန်က ၅ ပေါင်ခန့်ရှိပြီး ၁၃ လက်မ လက်ပ်တော့တွေရဲ့ အလေးချိန်က ၂ ပေါင်ကနေ ၃ ပေါင်သာ ရှိပါတယ်။ ဒါကြောင့် သယ်ဆောင်ရလွယ်ကူမှုကို ဦးစားပေးမယ်ဆိုရင်တော့ ၁၃ လက်မ လက်ပ်တော့တွေကို ရွေးချယ်ပါ။
Storage
၁၃ လက်မ လက်ပ်တော့အများစုကတော့ Storage 128GB မှ 1 TB ရှိပါတယ် (အချို့ကတော့ 2 TB ထိရှိနိုင်ပါတယ်)။ ၁၅ လက်မ် လက်ပ်တော့ရဲ့ Storage ကတော့ အများအားဖြင့် 256 GB မှ 4 TB အထိရှိပါတယ်။ ကိုယ်အသုံးချမှုနဲ့ Storage လိုအပ်မှုပေါ်မူတည်ပြီး ချင့်ချိန်ရွေးချယ်နိုင်ပါတယ်။
Photo : Popular Science
ဈေးနှုန်း
ညိုကီတို့ရေ ပစ္စည်းတစ်ခု ဝယ်တဲ့အခါ ကိုယ်သုံးနိုင်တဲ့ ဘတ်ဂျက်ကလည်း အရေးကြီးပါတယ်။ ယေဘုယျအားဖြင့် ၁၃ လက်မ လက်ပ်တော့များက ၁၅ လက်မ အမျိုးအစားများထက် ပိုပြီးဈေးသက်သာပါတယ်။ အဓိကအားဖြင့် ဟာ့ဒ်ဝဲလ် ကွာခြားမှု ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အသုံးပြုမှုနဲ့ ကိုယ်သုံးနိုင်တဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး လက်ပ်တော့ အကြီးအသေးကို ရွေးချယ်ပါ။
အခုဖော်ပြပေးလိုက်တာကတော့ ၁၃ လက်မနဲ့ ၁၅ လက်မ လက်ပ်တော့တို့ရဲ့ ယေဘုယျကွာခြားချက်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘတ်ထရီသက်တမ်း၊ Display စတာတွေကိုလည်း ကိုယ်လိုချင်တဲ့ အနေအထားနဲ့ ကိုက်ညီမှု ရှိမရှိလေ့လာသင့်ပါတယ်။ ဒီဆောင်းပါးလေးက လက်ပ်တော့ အသစ်ဝယ်မယ့် ညိုကီတို့အတွက် အထိုက်အလျောက် အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Source : Net Book News
Featured Photo : Techicy