ကွီးတို့ရေ အေးအေးဆေးဆေး ကိုယ်ပိုင်အချိန်လေး ဖြတ်သန်းဖို့ တစ်ကိုယ်တည်း ခြေဆန့်ရင်း ကမ္ဘာအနှံ့ကို ခရီးသွားချင်ပါသလား။ တစ်ကိုယ်တော် ခရီးသွားသည် ဖြစ်စေ၊ အဖွဲ့လိုက် ခရီးသွားသည်ဖြစ်စေ၊ ဘယ်လိုပဲ ခရီးသွားသွား ခရီးသွားခြင်းက ရတဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ တစ်ကိုယ်တော် ခရီးသွားခြင်း ကတော့ ဘယ်သူ့ကိုမှ ညှိနှိုင်းစရာမလိုဘဲ ကိုယ့်စိတ်ကြိုက် ဆုံးဖြတ်နိုင်တဲ့အပြင် ကိုယ့်ကိုယ်ယုံကြည်မှုလည်း တိုးစေပါတယ်။ ဒါ့အပြင် အေးဆေးတိတ်ဆိတ်မှုနဲ့ ခရီးသွားခြင်းမှ ရတဲ့ အတွေ့အကြုံနဲ့ စိတ်လှုပ်ရှားမှုများကိုလည်း အပြည့်အဝ ခံစားနိုင်ပါတယ်။

ဒီဆောင်းပါးလေးမှာတော့ တစ်ကိုယ်တည်း ခြေဆန့်ရင်း လေနှင်ရာ လွင့်ချင်တဲ့ ကွီးတို့အတွက် တစ်ကိုယ်တော် ခရီးသွားဖို့ ကမ္ဘာပေါ်က အကောင်းဆုံးနေရာများကို ဖော်ပြပေးချင်ပါတယ်။

ဗီယက်နမ်

တစ်ကိုယ်တည်း ခြေဆန့်ရင်း

Photo : Visa First

အာရှထဲမှာပဲ တစ်ကိုယ်တော် ခရီးသွားချင်တဲ့ ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ နေရာကတော့ ဗီယက်နမ် ပဲဖြစ်ပါတယ်။ ဗီယက်နမ်မှာ လှပသောပင်လယ်အော်များမှာ ရွက်လွှင့်ခြင်း၊ တောင်ပေါ်ခြေလျင်တက်ခြင်း စတဲ့ လှုပ်ရှားမှုများကို ပြုလုပ်နိုင်ပြီး သဘာဝအလှနဲ့ ပြင်သစ် ကိုလိုနီခေတ်ဟောင်းမြို့များကို လည်ပတ်ကြည့်ရှုနိုင်ပါတယ်။ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ကလည်း ခရီးသွားများအကြား ရေပန်စားပါတယ်။ ဗီယက်နမ်အလယ်ပိုင်းရှိ ကမ်းရိုးတန်းမြို့ဖြစ်သည့် ဒါနန်းမှာ သဘာဝအလှတရားများ၊ ယဉ်ကျေးမှုများနဲ့ပြည့်နေတာကြောင့် တစ်ကိုယ်တော် ခရီးသွားများ ကြိုက်နှစ်သက်မှာတော့ အသေအချာပါပဲ။

အိုက်စလန်

တစ်ကိုယ်တည်း ခြေဆန့်ရင်း

Photo : Visa First

တစ်ကိုယ်တော် ခရီးသွားများအတွက် နောက်ထပ် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုကတော့ အိုက်စလန် ပဲ ဖြစ်ပါတယ်။ ဥရောပရဲ့ လူဦးရေအနည်းဆုံးနိုင်ငံဖြစ်တဲ့ အိုက်စလန်မှာ ကျယ်ပြောတဲ့နေရာများနှင့် အန္တရာယ်ကင်းတဲ့ တောကန္တာရ ဧရိယာများ ရှိပြီး နေရာတိုင်းတွင် သဘာဝအလှတရားများနဲ့ ပြည့်နှက်နေပါတယ်။ မီးတောင်များ၊ ရေအိုင်များ၊ ရေခဲမြစ်များ၊ သဘာဝရေပူစမ်းများ၊ အနက်ရောင်သဲကမ်းခြေများနှင့် စွဲမက်ဖွယ်ကောင်းသော ချော်ရည်ခင်းများ၊ ရေတံခွန်များနှင့် ပန်းပုတောင်များကို အိုက်စလန်တွင် တွေ့နိုင်ပါတယ်။ ဒါ့အပြင် အိုက်စလန်  ၂၀၀၈ ခုနှစ်ကတည်းက ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတာကြောင့် စိုးရိမ်ကြောင့်ကျစရာမလိုဘဲ တစ်ကိုယ်တည်း ခြေဆန့်ရင်း အပန်းဖြေလို့ကောင်းတဲ့ နေရာလည်း ဖြစ်ပါတယ်။

ကနေဒါ

Photo : Visa First

လုံခြုံပြီး ပေါ့ပေါ့ပါးပါးနဲ့ မတူညီတဲ့ ယဉ်ကျေးမှုမျိုးစုံကို တပြိုင်နက် တွေ့ကြုံခံစားချင်သူတွေအတွက် ကနေဒါဟာ ဘယ်အချိန်မဆို တစ်ယောက်တည်း ခရီးသွားဖို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုပါ။ ကနေဒါမှာ ကမ်းရိုးတန်းများအပြင် တောင်တန်းများ၊ ရေကန်များ၊ သစ်တောများ၊ အာတိတ်မြေများနှင့် သဲကန္တာရ အနည်းငယ်လည်း ရှိပါသေးတယ်။ ကနေဒါနိုင်ငံရဲ့ လှပသော ကျေးလက်ရှုခင်းများမှာ တစ်ကိုယ်တော် အချိန်ဖြုန်းရင်း သဘာဝတရားကြီးနဲ့ ချိတ်ဆက်ပြီး ခရီးစဉ်ကို အကောင်းမွန်ဆုံး ဖြတ်သန်းလိုက်ပါ။

နယ်သာလန်

Photo : Visa First

တစ်ကိုယ်တော် ခရီးသွားခြေရာလေးများချဖို့ သာယာလှပတဲ့ နယ်သာလန်ကလည်း ရွေးချယ်ဖို့ အကောင်းဆုံး နေရာများထဲက တစ်ခုပါပဲ။ နိုင်ငံတစ်ဝှမ်း သွားလာရလွယ်ကူပြီး အခြားဒတ်ခ်ျမြို့များသို့ နေ့ချင်းပြန်ခရီးသွား အစပျိုးရန် နေရာကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ နယ်သာလန်ရဲ့ ရေပန်းစားသော မြို့ပြပန်းခြံတစ်ခုဖြစ်တဲ့ Vondelpark တွင် စတင်ကာ Van Gogh ပြတိုက်ကဲ့သို့သော ကမ္ဘာကျော်ပြတိုက်များသို့ စက်ဘီးစီးကာ လမ်းတစ်လျှောက် လှပသောတူးမြောင်းများနှင့် တံတားများကိုဖြတ်ကာ အလှတရားများကို ရှုစားလို့ရပါတယ်။ ဒါ့အပြင် နယ်သာလန် နိုင်ငံရဲ့ လှပတဲ့ ကျူးလစ်ပန်းခင်းများကိုလည်း ဧပြီနဲ့ မေလမှာ ကြည့်ရှုခံစားနိုင်ပါတယ်။

တစ်ကိုယ်တော် လေနှင်ရာ ခြေဆန့်ရင်း ခရီးသွားခြေရာလေးများချချင်တဲ့ ကွီးတို့အတွက် နေရာကောင်းလေးတွေ ဝေမျှပေးလိုက်ပါတယ်ဗျာ။

Source : Visa First

Featured Photo : Visa