ခရစ္စတီယာနို ရော်နယ်ဒို ဟာ ယခုသီတင်းပတ်အကုန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပြန်လည်ပူးပေါင်းမယ်လို့ အတည်ပြုခဲ့လာပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင် ကြယ်ပွင့်ဟာ တနင်္ဂနွေနေ့ အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရမယ့် ရာယို ဗယ်လက်ကာနိုနဲ့ နောက်ဆုံးခြေစမ်းပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ပြန်လည်ပါဝင်ကစားမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Photo : Sky Sports

ရော်နယ်ဒိုဟာ ဒီနေ့ည အက်သလက်တီကို မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်အတွက် နော်ဝေးကိုသွားရောက်မယ့် ကစားသမား ၂၁ ဦးစာရင်းမှာတော့ ပါဝင်ခြင်းမရှိပေမယ့် မနက်ဖြန် တနင်္ဂနွေနေ့မှာ ကစားရမယ့် ဗယ်လက်ကာနိုနဲ့ ပွဲမှာတော့ ပါဝင်ကစားမယ်လို့ သူ့ရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေတဆင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုးပေးခံနေရတဲ့ ရော်နယ်ဒိုဟာ သောကြာနေ့ညက သူရဲ့ အင်စတာဂရမ်လူမှု့ကွန်ယက်မှာ ” တနင်္ဂနွေနေ့မှာ ဘုရင်ကြီး ပြန်ကစားမယ်” လို့ တုန့်ပြန်ရေသားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ မိသားစုအကြောင်းပြချက်ကြောင့် ထိုင်းနဲ့ သြစတြေးလျ ရာသီကြိုခြေစမ်းပွဲတွေနဲ့ လွဲချော်ခဲ့ပြီး ရာသီကြိုမှာ သရဲနီအသင်းနဲ့ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။

လက်ရှိ တနင်္ဂနွေနေ့ ခြေစမ်းပွဲမှာပြန်လည်ပါဝင်လာမှုနဲ့အတူ ယူနိုက်တက်တိုက်စစ်မှူးကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ထိန်းထားနိုင်ရေးအတွက် ပရိသတ်တွေ မျှော်လင့်နိုင်ပြီ ဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ အင်္ဂါနေ့က ကာရင်တန်သကို ပြန်လည်ရောက်ရှိလာပြီး ၎င်းရဲ့အနာဂတ်အတွက် အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo : Daily Mail

ရော်နယ်ဒို အနေနဲ့ အသင်းက ထွက်ခွာလိုကြောင်း ပြောကြားထားပေမယ့် ယူနိုက်တက်အသင်းဘက်ကတော့ ၎င်းတို့ရဲ့ ကစားသမားကို ရောင်းထုတ်မှာ မဟုတ်ဘူးလို့ အခိုင်အမာပြောခဲ့ပါတယ်။

နည်းပြတန်ဟတ်ရဲ့ သရဲနီအသင်းဟာ ပရီးမီးယားလိဂ်ရာသီမစတင်မီ တစ်ပတ်အလိုမှာ လာလီဂါအသင်းအား ၎င်းတို့ရဲ့ နောက်ဆုံးရာသီကြိုခြေစမ်းပွဲကို အိမ်ရှင်အနေနဲ့ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်ရာသီအဖွင့် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Featured Photo : Daily Mail