ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ချဲလ်ဆီး အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ခရိုအေးရှားအသင်း ဒိုင်နမိုဇာဂရက် ကို ၁ – ၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ ဒီနေ့မနက်ပိုင်းမှာပဲ နည်းပြ သောမတ်စ် တူချယ် နဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာသွားခဲ့ပါတယ်။
Photo : Bloomberg.com
ဂျာမန်သားနည်းပြဟာ ချဲလ်ဆီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂ နှစ်အတွင်း ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ တူချယ် ဟာ ချဲလ်ဆီးအသင်းနဲ့ အတူ ၆၀ ရာခိုင်နှုန်း အနိုင်ရတဲ့ စံချိန်ကို ပိုင်ဆိုင်ထားတဲ့ နည်းပြတစ်ဦးဖြစ်တာကြောင့် သူ့ကို ရာထူးကနေထုတ်ပယ်ခံလိုက်ရခြင်းဟာ ချဲလ်ဆီးပရိသတ်တွေအတွက် တကယ့်ကို အံ့အားသင့်စရာ ဖြစ်စေခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်မှာ တတိယနေရာရခဲ့ပေမယ့် ယခုနှစ်ရာသီမှာတော့ ၆ ပွဲကစားအပြီးမှာ ၃ ပွဲနိုင် ၂ ပွဲရှုံး ၁ ပွဲသရေရလဒ်နဲ့ အမှတ်ဇယားရဲ့အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
ချဲလ်ဆီးအသင်းကတော့ နည်းပြ သောမတ်စ် တူချယ်ကို ရာထူးက ထုတ်ပယ်လိုက်ပြီးနောက် အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြ နေရာအတွက် နည်းပြသစ် အမြန်ဆုံးအစားထိုး ခန့်အပ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ကြေညာခဲ့ပြီး နည်းပြသစ်မရောက်ခင်အထိ တူချယ်ရဲ့ နည်းပြအဖွဲ့ဝင်က အသင်းကို ယာယီကိုင်တွယ်သွားမယ်လို့ သိရပါတယ်။
Photo : Sporting News
လက်ရှိမှာ ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ်ရာထူးအတွက် ရေပန်းစားနေသူ ၄ ဦးကတော့ ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ်တာ ၊ ၂၀၂၁ ခုနှစ်နွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ နည်းပြဟောင်း ဇီဒန်း ၊ ပီအက်စ်ဂျီနည်းပြဟောင်း ပိုချက်တီနိုနဲ့ လက်စတာစီးတီးနည်းပြ ဘရန်ဒန် ရော်ဂျာ တို့ ပါဝင်နေပါတယ်။ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာနဲ့ ပီအက်စ်ဂျီနည်းပြဟောင်း ပိုချက်တီနိုတို့ကတော့ ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ်ရာထူးအတွက် ထိပ်ဆုံးကနေ ရေပန်းစားနေပြီး ချဲလ်ဆီးအနေနဲ့ နည်းပြ နေရာအတွက် ဘယ်သူ့ကို အစားထိုးရွေးချယ်ခန့်အပ်သွားမလဲဆိုတာတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Featured Photo : The Guardian