ခရီးသွားမယ်ဆိုရင် ဘယ်လိုနေရာဒေသတွေကို သွားရတာ အကြိုက်ဆုံးဖြစ်မလဲ။ ကမ်းခြေလား ၊ မြေပြန့်လား ၊ တောင်တန်း ဒေသတွေဆီလား။ အားလုံးကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ရှိကြမယ်လို့ ထင်ပါတယ်။ စာရေးသူကတော့ တောင်တန်း ဒေသတွေဆီ ခရီးသွားရတာ အနှစ်သက်ဆုံးပါပဲ။ တောင်တန်းတွေဆီ ခရီးထွက်တာဟာ သဘာဝတရားနဲ့ အနီးကပ်ဆုံးရှိနေနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အခုပြောပြမယ့် အကျိုးကျေးဇူးတွေ / အားသာချက်တွေလည်း ရှိနေပါတယ်။
(၁) လတ်ဆတ်တဲ့ လေထုရဲ့ ကြိုဆိုမှုတစ်ခုပါ
Photo : Comunikaribe.com
၂၄ နာရီပတ်လုံး သယ်ယူပို့ဆောင်ရေး ယာဉ်တွေ ၊ စက်ရုပ်အလုပ်ရုံတွေနဲ့ ပြည့်ကျပ်နေတဲ့ မြို့ကြီးပြကြီးတွေမှာ အမြဲလိုလို ညစ်ညမ်းတဲ့လေထုကို ရှုရှိုက်နေရတဲ့ မြို့ပြနေလူထုတွေအတွက်တော့ တောင်တန်း ဟာ တကယ့်ကို သုခဘုံတစ်ခုပါပဲ။ တောင်တန်းတွေကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လတ်ဆတ်တဲ့လေထုကို တဝကြီး ရှုရှိုက်လိုက်ခြင်းဖြင့် လန်းဆန်းမှုရဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝခံစားရမှာ ဖြစ်ပါတယ်။ တောင်တန်းဒေသတွေဟာ ကျွန်တော်တို့အတွက် လတ်ဆတ်တဲ့ လေထုရဲ့ နွေးထွေးစွာကြိုဆိုမှုတစ်ခုပဲ မဟုတ်လားဗျ။ လေကောင်းလေသန့်ကို ရှုရှိုက်ခြင်းက စိတ်နဲ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် အများကြီး အကျိုးပြုနိုင်တယ်ဆိုတာ ယုံလိုက်ပါ။
(၂) သဘာဝတရားကြီးက ဘယ်လောက်လှတယ်ဆိုတာ မြင်နိုင်မယ်
Photo : TripSavvy
အခက်အခဲဆုံး ခရီးလမ်းတစ်ခုကို ကျော်ဖြတ်ပြီးချိန်မှာ အလှဆုံးမြင်ကွင်းတွေကို မြင်ရတယ်လို့ ပြောတာ ကြားဖူးကြပါလိမ့်မယ်။ ဟုတ်ပါတယ် တောင်တန်းဒေသတွေဆီ ခရီးသွားတာဟာ လမ်းခရီးကြမ်းတမ်းမှု ၊ ပင်ပန်းခက်ခဲမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ခရီးဆုံးကို ရောက်သွားပြီဆိုတာနဲ့ သဘာဝတရားကြီးရဲ့ အလှဆုံးသော မြင်ကွင်းတွေက စီးကြိုနေမှာပါ။ ဒီအတွက် ဘယ်လောက်ပဲ ခရီးကြမ်းပါစေ ပင်ပန်းရကျိုး နပ်စေပါတယ်။ မျက်စိတဆုံး ရှုမျှော်မဆုံးတဲ့ တောင်တန်းတွေ ၊ စိမ်းစိုလန်းဆန်းတဲ့ တောအုပ်တွေ ၊ ကျေးငှက်တို့ရဲ့တေးသံစဉ်တွေနဲ့ သဘာဝတရားကြီးက ဘယ်လောက်ထိအောင် လှနေတယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်နိုင်မှာဖြစ်ပါတယ်။
(၃) တိတ်ဆိတ်အေးချမ်းမှုရဲ့အရသာကို ဘာနဲ့မှမလဲနိုင်ပါ
Photo : Much Better Adventures
ခရီးထွက်ခြင်းရဲ့ နံပါတ် ၁ အကြောင်းပြချက်က အနားယူဖို့ မဟုတ်လား။ ကျွန်တော်တို့အတွက် တောင်တန်း ဒေသတွေက ဘယ်တော့မှ ရွေးချယ်မှုမမှားနိုင်တဲ့ အနားယူအပန်းဖြေစရာ နေရာတစ်ခုပါ။ တောင်တန်းတွေဟာ တကယ်တော့ ရှုပ်ပွေလီနေတဲ့ မြို့ပြရဲ့သက်ဝင်လှုပ်ရှားမှုနဲ့ လုံးလုံးကွဲပြားပြီး တိတ်ဆိတ်အေးချမ်းမှုရဲ့ အငွေ့အသက်ကို ခံစားဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ စိတ်ရဲ့ အေးချမ်းမှုကို ရှာဖွေမယ် ၊ ကောင်းမွန်တဲ့ အားလပ်ရက်အနားယူမှုတစ်ခု ဖြစ်ချင်တယ် ၊ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွမှုကို ပြန်လည်ရှာဖွေချင်တယ်ဆိုရင် နှစ်ခါမစဉ်းစားပါနဲ့ တောင်တန်းတွေဆီသာ ရောက်အောင်သွားလိုက်ပါ။
(၄) စိတ်ဝင်စားစရာ အားလပ်ရက် Activities တွေအများကြီး လုပ်နိုင်မယ်
Photo : The Guardian
တောင်တန်း ဒေသတွေဆီ ခရီးထွက်ခြင်းရဲ့ အားသာချက်တစ်ခုက လုပ်စရာ Activities တွေ အများကြီး ရှိတာပါပဲ။ တောတွင်းခရီးကြမ်း လမ်းလျှောက်ထွက်မလား ၊ ရှုခင်းနဲ့ငှက်မျိုးစိတ်တွေ လိုက်လံကြည့်ရှုမလား ၊ စက်ဘီးနင်းမလား ဒါမှမဟုတ် ရေခဲတောင်လို တောင်တန်းတွေဆီသွားမယ်ဆိုပါက ရေခဲပြင်စကိတ်စီးတာ ၊ ခြေလျှင်တောင်တက်တာ စတဲ့ လှုပ်ရှားမှု Activities တွေ အများကြီးကို စိတ်ကြိုက်ရွေးချယ်လုပ်နိုင်ပါတယ်။ ဒါကြောင့်တောင်တန်းဒေသတွေဆီ ခရီးသွားတာဟာ စွန့်စားမှုကိုအခြေခံပြီး လှုပ်ရှားမှု Activities တွေများစွာလုပ်နိုင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တဲ့အတွက် စိတ်ရောကိုယ်ပါ ကြံ့ခိုင်သန်မာလာစေဖို့လည်း အထောက်အကူပြုပါတယ်။
တောင်တန်း ဒေသတွေဆီ ခရီးသွားခြင်းရဲ့ အားသာချက်တွေကို ပြောပြပြီးပြီဆိုတော့ ဒီနှစ်အားလပ်ရက်ခရီးကို တောင်တန်းတွေဆီသာ ရောက်အောင် သွားလိုက်ဖို့ တိုက်တွန်းလိုက်ပါဗျ။
Featured Photo : BucketListly Blog