ခန္ဓာကိုယ်မှာ အဆီတက်လာပြီဆိုရင် အရင်ဆုံး သိသိသာသာ ထွက်လာတာက ဗိုက်ခေါက် ပါပဲ။ ဝိတ်တက်ချိန်မှာ အရင်ဆုံးတွေ့ရတာနဲ့ ဝိတ်ချချိန်မှာ နောက်ဆုံးမှ ကျတာဟာ ဝမ်းဗိုက်တဝိုက်က အဆီတွေ ဖြစ်ပါတယ်။ Belly Fat တွေ ကျဖို့ ချတာ သိပ်အလွယ်ကြီးတော့ မဟုတ်ပါဘူး။ စွဲစွဲမြဲမြဲလုပ် ၊ စိတ်ရှည်လက်ရှည်လုပ်သွားဖို့တော့ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ဗိုက်ခေါက်က အဆီတွေ ကျဖို့ အထိရောက်ဆုံးဖြစ်မယ့် လေ့ကျင့်ခန်း တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Russian Twists

 

Source : Marcus Filly

Russian Twists နည်းကစားဖို့ဆို Weight Ball တစ်ခုခု ဒါမှမဟုတ် Plate တစ်ပြားလောက် လိုပါတယ်။ ကြမ်းပြင်မှာ Sit-up Position ကို ခြေထောက်နဲ့ ကြမ်းမထိအောင် ထားပြီး Weight Ball ကို ကိုင်ပြီး ချက်အပေါ်ကနေ ခန္ဓာကိုယ် ဘယ်/ညာတစ်လှည့်စီ မ,ပြီး ခါးလှည့်ရွှေ့ရမှာပါ။ ဗိုက်ကို ထိန်းထားပြီး ကိုယ်လုံးဟာ ကြမ်းပြင်နဲ့ ၄၅ ဒီဂရီအချိုးအတိုင်း ရှိထားဖို့ လိုပါတယ်။ ဒီနည်းက ကြံ့ခိုင်မှုနဲ့ ကြွက်သားတွေ တက်လာပြီး ဗိုက်ခေါက် အဆီတွေ လျှော့ချဖို့ ထိထိရောက်ရောက် ကူညီပေးပါတယ်။

(၂) Burpees

Source : Marcus Filly

Burpees ကို လက်ထောက် ၊ မြှောက်ခုန်လေ့ကျင့်ခန်းလို့ အလွယ်ပြောချင်ပါတယ်။ လေ့ကျင့်နည်းကတော့ ခြေနှစ်ဖက်ကို ပခုံးနဲ့အညီခွဲပြီး မတ်တပ်အနေအထားကနေ ကြမ်းပြင်ပေါ် ဒိုက်ထိုးမလို လုပ်ပြီး လက်ကို ခေါင်းပေါ် မြှောက်ပြီး ခုန်ရတာပါ။ တစ်နည်းအားဖြင့် Squat ထိုင်တာ ၊ ဒိုက်ထိုး Plank ထောက် နဲ့ Jumping ခုန်တာတွေ အစုံပါတဲ့ လေ့ကျင့်ခန်းလို့ ပြောနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ခါးကျောရိုးမကြိး ၊ ရင်ဘတ် ၊ ပခုံး ၊ တင်ပါး ၊ လက်ပြင်နဲ့ ပေါင်ခြံတွေကို အလုပ်လုပ်စေပါတယ်။ ခါးအဆီကျတာ မြန်မယ့် လေ့ကျင့်ခန်းပါပဲ။

(၃) Mountain Climbers

Source : Marcus Filly

ဘာ Equipment မှ မလိုဘဲ ဗိုက်ခေါက် အဆီချမယ်ဆို Mountain Climbers ကစားနည်းကို ချန်ထားလို့ မရပါဘူး။ ဒီနည်းက ရိုးရှင်းပါတယ်။ အရင်ဆုံး High- Plank အနေအထားနဲ့ လက်ဖဝါးတွေ ကြမ်းပြင်ပေါ် ဖြောင့်ဖြောင့် ထောက်ထားတဲ့ အနေအထားနဲ့ ကြမ်းပြင်ကို မျက်နှာမူထားပါ။ ပြီးရင် ခါးကို ထိန်းထားပြီး ညာခြေက ရင်ဘတ်ကို အရင်ပြေး ပြီး ခြေကို မူလအနေအထား အတိုင်းထား ပြီးမှ ဘယ်ခြေထောက်ကို ဒီပုံစံအတိုင်း ရင်ဘတ်ဆီ ပြေးပါ။ တစ်လှည့်စီ လုပ်သွားရမှာပါ။ စက်ဘီးစီးနေတဲ့အချိန် ခြေထောက်ရဲ့ လှုပ်ရှားမှုနဲ့ ဆင်ပါတယ်။

Featured Photo : zozofit