ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ စားသောက်နေထိုင်မှု ပုံစံတွေကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အဆီတွေစုလာပြီး ဝဖိုင့်ဖိုင့် ဖြစ်လာပါတယ်။ ဒီလို မလိုလားအပ်တဲ့ အဆီတွေစုလာတာကြောင့် ရေရှည်မှာ ကျန်းမာရေးအပေါ် ဆိုးဝါးစွာ သက်ရောက်နိုင်ပါတယ်။ ဒီလို ကျန်းမာရေး ပြဿနာတွေ မကြုံလာရသေးခင် ကျွန်တော်တို့ အရင်ဆုံး ကြုံတွေ့ရမှာကတော့ ပိုလျှံနေတဲ့ အဆီတွေကြောင့် ခန္ဓာကိုယ်ဟာ သိသိသာသာ ကိုယ်အလေးချိန် တတ်လာပြီး အဝတ်အစားဝတ်ရတာ အဆင်မပြေဖြစ်ကာ Body ဂွမ်းလာတာပါပဲ။ ဒီတော့ ကြုံတွေ့လာရမယ့် ကျန်းမာရေးပြဿနာတွေနဲ့ အဆီတွေလောင်ကျွမ်းပြီး ကိုယ်အလေးချိန်လျှော့ချဖို့ဆိုရင် လေ့ကျင့်ခန်းတွေကို ပြုလုပ်ရမှာပါ။ ဘယ်လို ကိုယ်လက်လှုပ်ရှားမှုမဆို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပေးနိုင်ပါတယ်။ ဒီနေ့မှာတော့ စာရေးသူက လူတိုင်းလွယ်လွယ်ကူကူလုပ်နိုင်တဲ့ အပြေးလေ့ကျင့်ခန်း ကို ဦးစားပေး ဝေမျှသွားမှာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ပိန်ချင်တယ်၊ ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင် ထိုင်နေလို့တော့ မရပါဘူး၊ ထပြေးမှ သာ ထိရောက်မှာပါ။
Photo : Men’s Journal
ကွီးတို့အနေနဲ့ အပြေးလေ့ကျင့်ခန်းကို လုပ်ဖို့ နာရီအများကြီး သုံးစရာမလိုပါဘူး။ တစ်နေ့မှာ မိနစ် ၃၀ ခန့် ပြေးရုံနဲ့တင် လုံလောက်ပါတယ်။ တစ်နေ့လျှင် မိနစ် ၃၀ ခန့် တစ်ပတ်လျှင် ၃ ရက်မှ ၅ ရက်ပြေးခြင်းက အလုံးစုံသော ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ဖို့ လုံလောက်ပါတယ်။ ဒါ့အပြင် ပြေးခြင်းက ကယ်လိုရီများ လောင်ကျွမ်းစေရန် အထိရောက်ဆုံး နည်းလမ်းများထဲက တစ်ခုဖြစ်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ ခန့် ပြေးခြင်းက ကိုယ်အလေးချိန်ကျစေပြီး ခန္ဓာကိုယ်အဆီရာခိုင်နှုန်းနဲ့ BMI ကို လျှော့ချပေးနိုင်ပါတယ်။
Harvard Health Publishing မှ အစီရင်ခံစာ တစ်ခုအရ 5mph (၁၂ မိနစ်မှာ တစ်မိုင်နှုန်း) ဖြင့် မိနစ် ၃၀ ခန့်ပြေးပါက ၁၂၅ ပေါင်လူတစ်ဦးအတွက် ၂၄၀ ကယ်လိုရီ၊ ၁၅၅ ပေါင်လူတစ်ဦးအတွက် ၂၈၈ ကယ်လိုရီနှင့် ၁၈၅ ပေါင်လူတစ်ဦးအတွက် ၃၃၆ ကယ်လိုရီလောင်ကျွမ်းစေပါတယ်။
ကွီးတို့အနေနဲ့ အရှိန်နှုန်းကို အနည်းငယ်တင်ပြီး 6mph (၁၀ မိနစ်မှာ တစ်မိုင်နှုန်း) ဖြင့် ပြေးပါက မိနစ် ၃၀ အတွင်း ၁၂၅ ပေါင်လူတစ်ဦးအတွက်၂၉၅ ကယ်လိုရီ၊ ၁၅၅ ပေါင်လူတစ်ဦးအတွက် ၃၆၀ ကယ်လိုရီနှင့်၁၈၅ ပေါင်လူတစ်ဦးအတွက် ၄၂၀ ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပါတယ်။
နောက်ထပ် ပိုမိုမြန်ဆန်သော အရှိန်နှုန်း 10mph (၆ မိနစ်မှာ တစ်မိုင်နှုန်း) ဖြင့် မိနစ် ၃၀ ခန့်ပြေးပါက ၁၂၅ ပေါင်လူတစ်ဦးအတွက် ၄၅၃ ကယ်လိုရီ၊ ၁၅၅ ပေါင်လူတစ်ဦးအတွက် ၅၆၂ ကယ်လိုရီနှင့် ၁၈၅ ပေါင်လူတစ်ဦးအတွက် ၆၇၁ ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပါတယ်။
Photo : Running Shoes
ဒါကို ကြည့်ချင်းအားဖြင့် ကွီးတို့ မြန်မြန်ပြေးလေ ကယ်လိုရီ ပိုမိုလောင်ကျွမ်းလေ၊ ကိုယ်အလေးချိန်ပိုကျလေပါပဲ။ သို့သော်လည်း ကိုယ်ခံနိုင်ရည်အား သို့မဟုတ် ကိုယ်တတ်နိုင်တဲ့ အရှိန်နှုန်းဖြင့်သာ ပြေးသင့်ပါတယ်။ နောက်တစ်ချက်ကတော့ ကွီးတို့အနေနဲ့ Outdoor မှာ ပြေးမယ်ဆိုရင် ယာဉ်အန္တရာယ်များကို အထူးသတိပြုသင့်ပါတယ်။ ဒါကြောင့် ကားအသွားအလာရှင်းတဲ့ နေရာများ၊ ပန်းခြံများ စတာတွေမှာသာ ပြေးတာက ပိုပြီးအဆင်ပြေပါလိမ့်မယ်။
ပုံမှန်ပြေးခြင်းက ကွီးတို့အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရစေပြီး ကျန်းမာကြံ့ခိုင်စေမှာတော့ အသေအချာပါပဲ။ ဒါ့အပြင် ကယ်လိုရီတွေ လောင်ကျွမ်းပြီး ကွီးတို့ခန္ဓာကိုယ်ကို ကျစ်လစ်ကြည့်ကောင်းစေမှာပါ။ ဒါ့ကြောင့် ကွီးတို့ရေ ထိုင်နေလို့တော့ မရပါဘူး၊ ထပြေးမှ သာ ကိုယ်အလေးချိန်ကျပြီး ပိန်မှာ ဖြစ်တာကြောင့် ခုပဲ ပြေးဖို့ စဉ်းစားလိုက်တော့ဗျာ။
Source : Marathon Handbook
Featured Photo : Marathon Handbook