မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဆောက်သမ်တန် အသင်းတို့ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာ ရရှိသွားခဲ့တဲ့ ခြေချင်းဝတ်ဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ ပွဲပေါင်း (၁၂)ပွဲခန့်အထိ တောက်လျှောက် လွဲချော်ခဲ့ရတဲ့ အလက်ဟန်ဒရို ဂနာချို က ဝုလ်ဗ်နဲ့ ပွဲစဉ်မှာ အသင်းအတွက် ပြန်လည် ကစားခွင့် ရရှိခဲ့ရင်း သွင်းဂိုးတစ်ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit : Chronicle Live
ဂနာချိုဟာ ဆောက်သမ်တန်နဲ့ ပွဲမှာ ရရှိခဲ့တဲ့ ankle injury ကြောင့် အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ပထမဆုံး ရွေးချယ်ထားခံရတာတောင် international debut ကို လက်လွတ်ခဲ့ရပါတယ်။ အသင်းအတွက် သူ ပါဝင် ကစားနိုင်ခြင်း မရှိတဲ့ ပွဲစဉ်တွေမှာ ယူနိုက်တက်ဟာ တောင်ပံတွေမှာ ရပ်ရှ်ဖို့ဒ် အန်တိုနီ ဆန်ချိုနဲ့ ဖာနန်ဒက်စ်တို့ကို အလှည့်ကျ အသုံးပြုခဲ့ရပြီး ဂနာချိုကတော့ ဒီကစားသမားတွေနဲ့ ကွဲပြားတဲ့ စွမ်းဆောင်မှုမျိုး ပြသနိုင်ကြောင်း အခု ဝုလ်ဗ်နဲ့ ပွဲမှာ သက်သေပြသွားခဲ့ပါတယ်။
Photo Credit : Goal
အသက် (၁၈)နှစ်သာ ရှိနေသေးတဲ့ ဂနာချိုဟာ ဒဏ်ရာကနေ ပြန်ကစားနိုင်တော့မယ့် အချိန်မှာပဲ သူ့အတွက် သတင်းကောင်းတွေ ဆက်တိုက် ရောက်ရှိလာပါတယ်။ သူရဲ့ ငယ်ချစ်ဦး ချစ်သူ မိန်းကလေးဆီမှာ ကိုယ်ဝန်ရှိလာခဲ့ရသလို အသင်းနဲ့လည်း ၂၀၂၈ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ပါ ချုပ်ဆိုဖြစ်ခဲ့တာက ဂနာချို အတွက် အကောင်းဆုံး အရာတွေ ဖြစ်လာခဲ့ရပါတယ်။
Photo Credit : NBC Sports
ဒီလို အချိန်မှာ အသင်းအတွက် ပြန်လည် ကစားပေးခွင့် ရရှိခဲ့တဲ့ ဂနာချို ဟာ (၁၀)မိနစ် ဝန်းကျင်လောက်သာ ကစားခဲ့ရပေမယ့်လည်း ပွဲပြီးဆုံးခါနီးမှာ အကောင်းဆုံး အဆုံးသတ်နဲ့ သွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ ယူနိုက်တက်အတွက် အနိုင် လုံးဝ သေချာစေမယ့် ဂိုးတစ်ဂိုး ဖြစ်သွားစေခဲ့သလို ဒီရာသီ ယူနိုက်တက်ရဲ့ ဂိုး (၁၀၀)မြောက် သွင်းဂိုးလည်း ဖြစ်သွားခဲ့ရပါတယ်။ ဒါ့အပြင် ဒီရာသီ ဂနာချိုရဲ့ သွင်းဂိုးတွေထဲမှာ ဂိုး (၄)ဂိုးက ပွဲချိန် (၈၅)မိနစ်နောက်ပိုင်းတွေမှာ သွင်းယူနိုင်ခဲ့တဲ့ ဂိုးတွေ ဖြစ်နေရပြီး သူရဲ့ စွမ်းဆောင်ရည်တွေကြောင့် အနာဂတ် ယူနိုက်တက်ရဲ့ ကျောနံပါတ် (၇) ပိုင်ရှင်သစ်လို့ပါ တင်စား ခေါ်ဝေါ်နေကြပါတယ်။