အာဆင်နယ် ကစားသမားသစ် ဖေဘီယို ဗီအဲရာ ဟာ ဒဏ်ရာပြဿနာနဲ့ ပတ်သတ်ပြီး စိတ်ပူနေတဲ့ ပရိသတ်တွေအတွက် ဖြေရှင်းချက်တစ်ခု ပေးလာပါတယ်။
Photo : The Mirror
အသက် ၂၂ နှစ်အရွယ် ပေါ်တူဂီကွင်းလယ် ကစားသမားဟာ ယခုနှစ်နွေရာသီမှာ ဂန်းနားတို့ ပထမဦးဆုံးခေါ်ယူခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ပေါ်တိုအသင်းကနေ ပေါင်သန်း ၃၄ နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲတွေ မစတင်ခင်မှာပဲ စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဗီအဲရာရဲ့ ဘယ်ဘက်ခြေထောက်မှာ အကာကွယ်ဖိနပ် ဝတ်ဆင်ထားတဲ့ ဓာတ်ပုံတစ်ပုံ အင်စတာဂရမ်မှာ တက်လာခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ဒဏ်ရာပြဿနာနဲ့ ပတ်သတ်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့တာ ဖြစ်ပါတယ်။ ဗီအဲရာ ဟာ ပြီးခဲ့တဲ့လအစောပိုင်းတုန်းက ပေါ်တူဂီ ယူ-၂၁ အသင်းမှာ ကစားစဉ်ခြေထောက်ဒဏ်ရာ ရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပေါ်တူဂီသားဟာ အင်စတာဂရမ် လူမှု့ကွန်ယက်ကနေ တဆင့် ပရိသတ်တွေ စိတ်အေးရစေမယ့် သတင်းစကားတစ်ခု တုန့်ပြန်ပြောကြား ပေးခဲ့ပါတယ်။ ” စိတ်အေးအေးထားပါ သားကြီးတို့ ၊ အဲ့ဒါက ကြိုတင်ကာကွယ်မှု တစ်ခုပါပဲ ၊ အားလုံး အဆင်ပြေပါတယ် ၊ ကျွန်တော် မကြာခင် အာဆင်နယ်နဲ့ ရာသီကြိုပူးပေါင်းမှုတွေ လုပ်ဆောင်သွားတော့မှာပါ ” လို့ ဗီအဲရာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း ကင် နဲ့ ဒင်းနစ် ဆွာရက်ဇ် တို့လို ဒဏ်ရာပြဿနာတွေရှိတဲ့ ကစားသမားတချို့ကို ခေါ်ယူခဲ့ဖူးတဲ့ အမှတ်ရဖွယ်အဖြစ်အပျက်တွေလည်းရှိခဲ့ဖူးတာ ဖြစ်ပါတယ်။
Photo : talkSPORT
ဒါပေမဲ့ ဗီအဲရာ ကတော့ ရာသီကြိုပွဲစဉ်တွေမတိုင်ခင် သူ့ရဲ့တိုးတက်မှုနဲ့ ပတ်သတ်ပြီး အကောင်းဆုံး မျှော်လင့်ထားပုံရပါတယ်။ ဗီအဲရာဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာချိန်ကတည်းက ” ပရီးမီးယားလိဂ်မှာကစားရတာ လွယ်ကူမှာမဟုတ်ပါဘူး ၊ ကျွန်တော်အလုပ်ကိုအကောင်း ဆုံး ကြိုးစားသွားပါမယ်” လို့ ကတိပေးခဲ့ဖူးသူ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ဇူလိုင် ၈ ရက်နေ့မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် နုရင်ဘတ်အသင်းနဲ့ စတင်ကစားရမှာ ဖြစ်ပြီး အမေရိကန်မှာ ရာသီကြိုခြေစမ်းပွဲတွေ ဆက်လက်ကစားသွားရဖို့ ရှိနေပါတယ်။
Featured Photo : The Guardian