ဗောက် ဗက်ဟော့စ် ဆိုတဲ့ ဂလန်ဂလားနဲ့ နယ်သာလန် တိုက်စစ်မှူးကြီးကို ဘောလုံးပရိသတ်တွေ အကြောင်းအရာ (၂)ချက်ကြောင့်သာ သတိထားမိနိုင်ပါလိမ့်မယ်။ ပထမတစ်ချက်က မန်ချက်စတာ ယူနိုက်တက်မှာ (၆)လ အငှားနဲ့ လာကစားခဲ့ဖူးတာရယ် နောက်တစ်ချက်တော့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားနဲ့ နယ်သာလန် ပွဲစဉ်ထဲ လူစားဝင်လာပြီးမှ သွင်းဂိုးတွေ သွင်းယူခဲ့တာကြောင့်ပါပဲ။ အခုလည်း သူ့ကို ဘောလုံးပရိသတ်တွေ ပိုပြီး သတိထားမိအောင် လုပ်ပြနိုင်ခဲ့ပါပြီ။

wout weghorst

Photo Credit: The Independent

တကယ်တော့ ဗက်ဟော့စ် က ကျွန်တော် ခေါင်းစဉ်မှာ သုံးနှုန်းထားသလိုမျိုး ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်မရပဲ လူစားဝင် ကစားခွင့်သာ ရနေရင်း အဲ့ဒီလို ကစားခွင့်ရချိန်လေးမှာပဲ အသင်းကို ကယ်တင်နေတက်တဲ့ နောက်ပိုင်း မင်းသားကြီး ဖြစ်နေပါတယ်။ ဒါကြောင့် နယ်သာလန်ကို ကိုင်တွယ်နေတဲ့ နည်းပြအဆက်ဆက်က ကလပ်အသင်းတွေမှာ ဘာမှမဟုတ်တဲ့ ဒီတိုက်စစ်မှူးကြီး ဗက်ဟော့စ်ကို လက်ရွေးစင်အသင်းအတွက် ရွေးချယ်ကြတာဖြစ်ပြီး သူရဲ့ ပွဲအတွေ့အကြုံတွေနဲ့ လက်ရွေးစင်အသင်းနဲ့ ဂိုးလာဘ် ရှိမှုတို့က တခြား ကစားသမားတွေထက်ကို သာလွန်လို့နေပါတယ်။

weghorst

Photo Credit: Sky Sports

အခုလည်း နယ်သာလန်က ယူရို-၂၀၂၄ပြိုင်ပွဲ အုပ်စု(D)အဖွင့်ပွဲအဖြစ်နဲ့ ပိုလန်အသင်းနဲ့ ရင်ဆိုင်နေရတုန်း မမျှော်လင့်ပဲ ပိုလန်ရဲ့ ဦးဆောင်မှုကို ခံထားရပြီး နောက်ကလိုက်ကစားရင်း ဂက်ပိုက ချေပဂိုး သွင်းယူနိုင်ခဲ့လို့ တစ်ဖက်တစ်ဂိုးစီ ဖြစ်ခဲ့ရကာ မိနစ်(၈၀)အထိ သရေဖြစ်နေလို့ (၈၁)မိနစ်မှာ ဗက်ဟော့စ် ကို ဒီပိုင်းနေရာမှာ လူစားလဲလိုက်ရာ (၂)မိနစ်အကြာမှာပဲ ဗက်ဟော့စ်က နယ်သာလန်အတွက် အဖိုးတန် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

dutch striker weghorst

Photo Credit: Reuters

တကယ်လို့ နယ်သာလန်သာ ဗက်ဟော့စ် ဂိုးမရပဲ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားမယ်ဆိုရင် လက်ကျန်ပွဲတွေမှာ မဖြစ်မနေ နိုင်ပွဲရယူတော့မှာဖြစ်လို့ ဖိအားများသွားနိုင်ပြီး နောက်တစ်ဆင့်တက်ဖို့လည်း အနည်းငယ် ခက်ခဲသွားနိုင်ပါတယ်။ ဒါပေမယ့် ဗက်ဟော့စ်က ဒီလို အခြေအနေမျိုး မဖြစ်အောင် ကယ်တင်ပေးနိုင်ခဲ့ပြီး ဒီပိုင်း ဇာဗီဆီမွန်တို့ ဂိုးပေါက်ပျောက်နေချိန်မှာ ဗက်ဟော့စ်ကတော့ ပွဲတွင်း ပထမဆုံး ဘောလုံးထိချက်နဲ့ပဲ ဂိုးသွင်းယူနိုင်ခဲ့လို့ သူ့ကို မန်ယူပရိသတ်တွေတောင် လွမ်းသွားကြမှာ အသေအချာပါပဲ။

Featured Photo: beIN SPORTS