ပွင့်လင်းရာသီကို စတင်ဝင်ရောက်လာတဲ့ နိုဝင်ဘာလ ဟာ တစ်နှစ်ပတ်လုံးမှာ ခရီးသွားဖို့ အကောင်းဆုံး လတစ်လဆိုလည်း မမှားပါဘူး။ ကမ္ဘာအရပ်ရပ်က ခရီးသွားဝါသနာရှင်တွေကတော့ ရာသီဥတုသာယာပြီး သွားလာရအဆင်ပြေတဲ့ နိုဝင်ဘာလမှာ အလည်အပတ်ခရီးနဲ့ အပန်းဖြေ ခရီးတွေကို ထွက်လေ့ရှိကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခရီးသွားရတာ ကြိုက်နှစ်သက်တဲ့ ကွီးပရိသတ်တွေအတွက် နိုဝင်ဘာလ ထဲမှာ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံး ထူးထူးခြားခြား နေရာတွေကို ညွှန်းပေးချင်ပါတယ်။
(၁) Santa Monica
Photo : Hotels.com
Santa Monica မြို့ကတော့ လော့စ်အိန်ဂျလိစ်ရဲ့ အနောက်ဘက် ကမ်းရိုးတန်းမြို့လေး ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံး ရာသီဥတုသာယာပြီး နွေးထွေးတဲ့ နေရောင်ခြည်လွှမ်းခြုံထားတဲ့ မြို့လေး ဖြစ်တာကြောင့် ခရီးသွားဖို့ ရွေးချယ်သင့်တဲ့ အကောင်းဆုံးနေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ကမ်းခြေတွေ ၊ အပန်းဖြေဥယျာဉ်တွေနဲ့ စျေးဝယ်ထွက်စရာနေရာတွေ အများအပြားရှိပြီး တည်းခိုစရာ ဟိုတယ်စရိတ်တွေလည်း သက်သာပါတယ်။
(၂) Athens

Photo : Destguides
နိုဝင်ဘာလ ထဲ သွားရောက်လည်ပတ်သင့်တဲ့ ဥရောပရဲ့ အကောင်းဆုံး နေရာတစ်ခုကို ညွှန်းပါဆိုရင် ဂရိနိုင်ငံရဲ့ မြို့တော် Athens မြို့ကို ညွှန်းရပါမယ်။ နိုဝင်ဘာလထဲမှာ Athens မြို့ရဲ့အအေးဓာတ်ဟာ အနည်းငယ်မြင့်တက်လေ့ရှိတဲ့အတွက် ခရီးသွားသူအရေအတွက်ဟာ ပုံမှန်ထက် လျော့ကျသွားတက်ပေမယ့်လည်း လူစုလူဝေးတွေမကြိုက်ပဲ အေးအေးဆေးဆေး အနားယူအပန်းဖြေဖို့အတွက်တော့ အတော်လေး သင့်တော်ပါတယ်။ Athens မြို့မှာ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်ကြီးတွေ ၊ ရဲတိုက်ကြီးတွေနဲ့ ခေတ်ဟောင်းဘုရားကျောင်းတွေ အပါအဝင် ရှေးဟောင်းအမွေအနှစ်တွေကို စိတ်ဝင်စားသူတွေအတွက် လည်ပတ်စရာနေရာတွေ အများကြီး ရှိနေပါတယ်။
(၃) Patagonia

Photo : Contiki
Patagonia ကတော့ တောင်အာဖရိကရဲ့ တောင်ဘက်စွန်းပိုင်းမှာ တည်ရှိတဲ့ အံ့မခန်းနေရာတစ်ခု ဖြစ်ပါတယ်။ အင်ဒီးစ် တောင်တန်းတွေ ၊ ကန္တာရတွေ ၊ စိမ်းလန်းတဲ့ မြက်ခင်းပြင်တွေနဲ့ ထူးခြားတဲ့လည်ပတ်စရာနေရာတွေ အများကြီးရှိပြီး ပြီးပြည့်စုံတဲ့ နိုဝင်ဘာအားလပ်ရက်ကို ဖန်တီးပေးနိုင်မှာပဲ ဖြစ်ပါတယ်။ Colorado နဲ့ Barrancas တို့လို အာဂျင်တီးနားရဲ့ မြစ်များကလည်း မြို့ရဲ့အလှကို မြှင့်တင်ပေးနေပါတယ်။ Torres del Paine အမျိုးသားဥယျာဉ် ၊ Ushuaia နဲ့ Perito Moreno ရေခဲတောင်တွေစီ သွားရောက်လည်ပတ်နိုင်ပြီး အောက်တိုဘာလကနေ ဖေဖော်ဝါရီလအထိ ခရီးသွားလို့အကောင်းဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
(၄) Cuba

Photo : Lonely Planet
သဘာဝရဲ့အလှတရားတွေ ကိန်းအောင်တည်ရှိနေတဲ့ Cuba နိုင်ငံကတော့ ခရီးသွားတွေကို ထာဝစဉ်ဆွဲဆောင်နေတဲ့ နေရာတစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ နိုဝင်ဘာလအတွင်း Cuba နိုင်ငံရဲ့ ရာသီဥတုဟာ သိပ်ကိုသာယာလှပတဲ့အတွက် အိန္ဒိယနိုင်ငံပြီးရင်း ခရီးသွားလို့အကောင်းဆုံး နေရာတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ Havana ၊ Varadero ၊Trinidad နဲ့ Vinales တို့လို လှပတဲ့မြို့များစွာနဲ့ လည်ပတ်စရာအထင်ကရနေရာတွေ များစွာရှိပါတယ်။ Cuba နိုင်ငံဟာ အားလပ်ရက်ကို အချိန်ကုန်ဆုံးဖို့အတွက် ဘယ်တော့မှ မမှားနိုင်တဲ့ ရွေးချယ်စရာ နေရာတစ်ခုပါပဲ။
(၅) Thailand

Photo : Elite Havens
အာရှဘက်မှာ နိုဝင်ဘာလ ထဲ သွားရောက်လည်ပတ်ဖို့အကောင်းဆုံး နေရာတစ်ခုကတော့ ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ မိုးအကုန်ဆောင်းအကူး ကာလဖြစ်တဲ့ နိုဝင်ဘာလထဲကို ရောက်ရှိလာတာနဲ့အမျှ ရာသီဥတု ပိုမိုသာယာလေ့ရှိပြီး အားလပ်ရက် ကမ်းခြေတွေဆီ ခရီးသွားဖို့ တောင့်တနေသူတွေအတွက် ပြီးပြည့်စုံတဲ့ အချိန်ကောင်းတစ်ခု ဖြစ်ပါတယ်။ Phi Phi ကျွန်း ၊ Grand Palace နဲ့ Pa Tong တို့လို နေရာတွေကတော့ နိုဝင်ဘာလထဲမှာ သွားရောက်လည်ပတ်လို့ အကောင်းဆုံးပဲဖြစ်ပါတယ်။
Featured Photo : Travel Passionate

