အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီ ထိပ်တန်း ဘောလုံးသမားကြီး ဘောလုံးလောကရဲ့ GOAT ကြီး တစ်ဦးဖြစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ အသက် (၃၉)နှစ်ထဲ ဝင်လာနေတဲ့အချိန်မှာတောင် သူရဲ့ စွမ်းဆောင်ရည်တွေက မကျဆင်းသွားတဲ့အပြင် ဂိုးသွင်းအားတွေပါ ပိုမို ကောင်းမွန်လာခဲ့ပါတော့တယ်။

ronaldo portugal

Photo Credit : Al Jazzera

လီယွန်နယ် မက်ဆီ ဥရောပ ဘောလုံးနယ်ပယ်ထဲက ထွက်ခွာပြီး မေဂျာလိဂ်ဆီ မပြောင်းရွှေ့ခင် သူရဲ့ မဟာပြိုင်ဘက် ရော်နယ်လ်ဒိုက ဆော်ဒီလိဂ်ရဲ့ ကလပ်အသင်း အယ်လ်နာဆာနဲ့ လက်တွဲခဲ့ပြီး ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဘောလုံးကစားသမားဘဝ နေဝင်ချိန်မှာ စွမ်းဆောင်မှုတွေ လျော့နည်းလာလို့ ပြိုင်ဆိုင်မှု မပြင်းထန်လှတဲ့ အာရှလိဂ်က ကလပ်အသင်းဆီ ပြောင်းရွှေ့ပြီး ဝင်ငွေတွေ သောက်သောက်လဲ ရယူနေမယ်ဆိုပြီး ရော်နယ်လ်ဒိုကို ဝေဖန်ကြပေမယ့်လည်း ရော်နယ်လ်ဒိုကတော့ အလုပ်နဲ့ပဲ သက်သေပြလာခဲ့ပါတယ်။

roanldo al-nassr

Photo Credit : Goal

အယ်လ်နာဆာကို ရောက်ရှိပြီး တစ်နှစ်မပြည့်ခင် အချိန်အတွင်းမှာပဲ အယ်လ်နာဆာအတွက် အာရပ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ဆုဖလား ဆွတ်ခူးအောင် စွမ်းစွမ်းတမံ စွမ်းဆောင်ပေးခဲ့သလို ဒီရာသီမှာဆိုရင်လည်း ဆော်ဒီလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်နဲ့ရော ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ်နဲ့ပါ ရပ်တည်ထားနိုင်ပါသေးတယ်။ တစ်ဖက်မှာလည်း သူရဲ့ လက်ရွေးစင်အသင်းဖြစ်တဲ့ ပေါ်တူဂီအတွက်ပါ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ယူရို-၂၀၂၄ပြိုင်ပွဲအတွက် စောစောစီးစီး ခြေစစ်ပွဲအောင်နေဖို့ လုပ်ဆောင်ထားနိုင်ခဲ့ပါသေးတယ်။

cr7 portugal team

Photo Credit : CNN

ဒီလို အယ်လ်နာဆာ နဲ့ ပေါ်တူဂီတို့အတွက် အကောင်းဆုံး ခြေစွမ်းပြထားနိုင်တဲ့ GOAT ကြီး ရော်နယ်လ်ဒိုဟာ အခု ၂၀၂၃ခုနှစ် ပြက္ခဒိန်နှစ် တစ်နှစ်တာအတွင်း ကလပ် နဲ့ နိုင်ငံအသင်းတွေအတွက် စုစုပေါင်း သွင်းဂိုး (၄၃)ထိ သွင်းယူထားနိုင်ခဲ့ပြီး ဒီဂိုးပမဏဟာ မန်စီးတီးရဲ့ နော်ဝေ ဂိုးသွင်းစက် အာလင်း ဟာလန်းထက် (၁)ဂိုး သာလွန်နေသလို ၂၀၂၃ခုနှစ်ရဲ့ နိုင်ငံ နဲ့ ကလပ်အသင်းတို့အတွက် စုစုပေါင်း သွင်းဂိုးနှုန်း အများဆုံးလည်း ဖြစ်နေရပါတယ်။

Featured Photo : Al-Awsat