ခန္ဓာကိုယ်တွင်းရှိ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများအားလုံးသည် အသက်ရှင်ရပ်တည်ဖို့ရန်အတွက် မရှိမဖြစ်လိုအပ်ပြီး သက်ရှည်ကျန်းမာပြီး အနာကင်းမဲ့စွာ နေထိုင်ချင်တယ်ဆိုရင် မိမိရဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများအားလုံးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ အများအပြားရှိတဲ့အနက် နှလုံး ကျန်းမာရေး သည်လည်း အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်စွာ ပြုမူ နေထိုင်ဖို့ လိုအပ်ပါတယ်။
မွေးရာပါ နှလုံး ကျန်းမာရေး ပြဿနာများ ကြုံတွေ့နေရသူများလည်း ရှိသလို အသက်ကြီးလာမှ နှလုံး ကျန်းမာရေး ချို့ယွင်းလာသူများလည်းရှိကြပါတယ်။ မွေးရာပါ နှလုံးရောဂါ ရှိသူများကလည်း မိမိကျန်းမာရေးအတွက် ဆင်ဆင်ခြင်ခြင် နေထိုင်ရမှာဖြစ်သလို အသက်ကြီးလာမှ နှလုံးရောဂါ မခံစားရဖို့အတွက်လည်း လက်လွတ်စပယ် မနေထိုင်သင့်ဘဲ ကျန်းမာရေး လိုက်စားရမှာ ဖြစ်ပါတယ်။
နှလုံး ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးမယ့် ကျန်းမာရေး နဲ့ ညီညွှတ်တဲ့ အပြုအမူကောင်းများကိုလည်း နေ့စဥ်မှန်မှန် ပြုမူ လုပ်ဆောင်ပေးသွားဖို့လိုအပ်ပါတယ်။
အိပ်ရေးဝဝ အိပ်စက်အနားယူပါ
လူတစ်ယောက်အတွက် အိပ်စက်ချိန်သည် ပျမ်းမျှအားဖြင့် ၆ နာရီကနေ ၈ နာရီခန့်အထိ ရရှိဖို့လိုအပ်ပါတယ်။ ညဘက်မှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်မှသာလျှင် မနက်ရောက်တဲ့အခါ လုပ်ဆောင်စရာရှိတာများကို ခွန်အားအပြည့်နဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ညအိပ်ရာဝင်ဖို့ အကောင်းဆုံးအချိန်ကတော့ ည ၁၀ နာရီနှင့် ၁၂ နာရီကြားပဲ ဖြစ်ပါတယ်။ ထိုအချိန်မှာ အိပ်ရာဝင်ပြီး မနက်ကျ နိုးထလာတဲ့အခါ ခေါင်းကြည်လင်နေပြီး နေလို့ထိုင်လို့ကောင်းနေမှာဖြစ်ပါတယ်။ တကယ်လို့ ညဘက်မှာ စောစော မအိပ်ဘူး၊ အိပ်ရေးလည်း မဝဘူးဆိုရင်တော့ ရေရှည်မှာ ကျန်းမာရေးထိခိုက်လာပြီး နှလုံး ကျန်းမာရေးသည်လည်း တဖြည်းဖြည်း ချို့ယွင်းလာမှာ ဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ
ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အထိုင်များတဲ့ လူနေမှုဘဝသည်လည်း နှလုံးကျန်းမာရေးအတွက် မကောင်းပါဘူး။ အချိန်မရဘူး ဆိုသူများ၊ အလုပ်များလွန်းလို့ ဆိုတဲ့ ဆင်ခြေမျိုး ပေးမနေဘဲ တစ်ရက်လျှင် အနည်းဆုံး ၁၅ မိနစ်ခန့် လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ရှိမှသာလျှင် ခန္ဓာကိုယ်က ကျန်းမာဖျတ်လတ်နေပြီး စိတ်သွားတိုင်း ကိုယ်ပါ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွှတ်မျှတစွာ စားသုံးပါ
အငန်လွန်ကဲသော အစားအစာများ၊ အဆီများ ရွှဲနှစ်နေအာင် ချက်ထားသော ဟင်းလျာများ၊ အချိုဓာတ် လွန်ကဲသော မုန့်ပဲသွားရေစာများသည် နှလုံးကျန်းမာရေးအတွက် အဓိက ရန်သူတော်တွေပဲဖြစ်ပါတယ်။ ထိုအစားအစာများကို လွန်လွန်ကျူးကျူး စားသုံးပါက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ တို့ကို ခံစားရမှာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါကိုပါ ထပ်ဆောင်း ခံစားရမှာပဲ ဖြစ်ပါတယ်။
စိတ်ဖိစီးမှုများကို လျော့ချပါ
စိတ်ဖိစီးမှုများသည် စိတ်ကျန်းမာရေးအတွက်သာမက နှလုံးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် မိမိရဲ့အလုပ်မှာ စိတ်ဖိစီးမှုတွေ ဘယ်လောက်များနေပါစေ၊ အလုပ်ချိန်ပြီးသွားတဲ့အခါ မေ့ပစ်ထားနိုင်ဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုများကို လျော့ချနိုင်မှသာလျှင် ကျန်းမာပျော်ရွှင်ရတဲ့ လူနေမှုဘဝ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
မိမိရဲ့ ကိုယ်အလေးချိန်ကို အဝမလွန်အောင် ထိန်းသိမ်းပါ
ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အခါ၊ အဆီ အဆိမ့်များ လွန်ကဲစွာ စားသုံးတဲ့အခါ သင့်ရဲ့ ကိုယ်အလေးချိန်သည် တဖြည်းဖြည်း တက်လာမှာဖြစ်ပါတယ်။ ငယ်ရွယ်စဥ်မှာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်များ မပြုလုပ်တဲ့အခါ အသက်အရွယ်ရလာရင် ပြုလုပ်ဖို့ ပိုမိုခက်ခဲလာပါလိမ့်မယ်။ ဒ့ါကြောင့် အထက်ဖော်ပြပါ အလေ့အကျင့်ကောင်းများကို မွေးမြူဖို့ရန် လိုအပ်ပြီး ကိုယ့်ရဲ့ ကိုယ် အလေးချိန်ကိုလည်း အဝမလွန်အောင် ထိန်းသိမ်းရမှာပဲဖြစ်ပါတယ်။
Source: Go-imaging
Featured Image: Thehealthcaredaily