ပခုံးကြွက်သား တွေ နာကျင်ကိုက်ခဲပြီး ကိုယ်လက်မအီမသာ ခံစားနေရပါသလား။ ဒါဆိုရင်တော့ အခုပြောပြမယ့် ပခုံးကြွက်သားနာကျင်မှုကို သက်သာစေမယ့် ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို စမ်းကြည့်ပါ။ တစ်ခုသတိထားရမှာက ကာလတိုပခုံးကြွက်သားနာကျင်တာမျိုး မဟုတ်ပဲ ရက်အတော်ကြာ ရေခဲကပ်ခြင်း ၊ နှိပ်နယ်ပေးခြင်းတို့ လုပ်သည့်တိုင် မသက်သာဘူးဆိုရင်တော့ အရိုးအကြောဆရာဝန် သွားရောက်စစ်ဆေးကုသမှုခံယူဖို့ လိုပါတယ်။

(၁) Pendulum Exercise

Photo : Sportz Business

Pendulum လေ့ကျင့်ခန်းဟာ ပခုံးကြွက်သား နာကျင်ကိုက်ခဲမှုကို အထိရောက်ဆုံး သက်သာစေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်နည်းကတော့ နာကျင်ကိုက်ခဲမှုမရှိတဲ့ လက်မောင်းတစ်ဖက်ကို စားပွဲပေါ်မှာ ထောက်ထားပြီး နာကျင်မှု ခံစားရတဲ့ ကျန်လက်တစ်ဖက်ကို အောက်သို့တွဲလောင်းချကာ လေထဲမှာ လွဲပေးရပါမယ်။ ကိရိယာလွတ်ကစားနိုင်သလို အလေးတုံးကိုင်ပြီးလည်း ကစားလို့ရပါတယ်။ တစ်နေ့ကို ၅ ကြိမ်ကနေ ၁၀ ကြိမ်အထိ ပြန်လုပ်ပါ။ နာကိုက်မှုကို သက်သာစေပါလိမ့်မယ်။

(၂) Arm Across The Chest

Photo : Medical News Today

Arm Across The Chest ကတော့ အကြောလျော့ လေ့ကျင့်ခန်းနည်းတစ်ခု ဖြစ်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်း လက်မောင်းကို ရင်ဘတ်ရှေ့ကနေ ကန့်လန့်ဖြတ်ပြီး ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းပါ။ လက်မောင်းတစ်ဖက်ကို စက္ကန့် ၃၀ ကနေ ၅၀ အထိ ဖိထားပေးရပါမယ်။ ကြွက်သားနာကျင်မှုတွေ သက်သာစေတဲ့အပြင် ပခုံးကြွက်သားတွေကို သန်မာလာစေဖို့လည်း အထောက်အကူ ပြုပါတယ်။ ဒီလေ့ကျင့်ခန်းကို ၃ ကြိမ်မှ ၅ ကြိမ်အထိ ပြုလုပ်ပေးပါ။

(၃) Chest Expansion Exercise

Photo : BarBend

ရင်ဘတ်ကို ဖွင့်ထုတ်ကာ ကစားရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ပခုံးကြွက်သား နာကျင်မှုကို အချိန်တိုအတွင်း ထိထိရောက်ရောက် သက်သာစေတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ Resistance Band နဲ့ ကစားမယ်ဆိုရင် ပိုထိရောက်ပါတယ်။ Resistance Band ရဲ့ အစွန်းနှစ်ဖက်ကို တစ်ဖက်စီ ကိုင်ထားပြီး ပခုံးနှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ဆန့်ထုတ်လိုက်ပါ။ ၁၀ စက္ကန့် မှ ၁၅ စက္ကန့်လောက်အထိ အသက်ကို ခပ်ပြင်းပြင်းရှူပြီး မူလအနေအထားသို့ လက်ကိုဖြည်းဖြည်းချင်း ပြန်လွှတ်ပေးပါ။ ကြွက်သားတင်းမာမှုနဲ့ နာကျင်မှုတွေကို အမြန်ဆုံး သက်သာစေပါလိမ့်မယ်။

(၄) Scapular Push-Ups

Source : Marcus Filly

Scapular Push-Ups ဆိုတာကတော့ ဒိုက်ထိုးနည်းနဲ့ ဆင်တူပေမယ့် အဓိက ပခုံးကြွက်သားနေရာကိုပဲ အကွေးအဆန့် ပြုလုပ်ပေးရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ပခုံးကြွက်သား နာကျင်မှုတွေကို ပြေလျော့သက်သာစေရုံမက ပခုံးနဲ့ လည်ပင်းနောက်ဘက် ကြွက်သားတွေကိုပါ ကျစ်လစ်သန်မာလာစေဖို့ အထောက်အကူ ပြုပါတယ်။

Featured Photo : Sportz Business