ချယ်လ်ဆီး အသင်းကတော့ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက်မှာ လစ်လပ်နေတဲ့ နည်းပြနေရာအတွက် နည်းပြပေါင်းများစွာကို ပစ်မှတ်ထားခဲ့ပြီး အခုတော့ မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြဟောင်းဖြစ်တဲ့ အန်ဇို မာရက်စကာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့က အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
Photo Credit: Football Transfer
ပိုချက်တီနိုက ချယ်လ်ဆီးကို တစ်ရာသီတည်း ကိုင်တွယ်ပြီး လိဂ်ဖလား ဖိုင်နယ် ၊ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်နဲ့ ပရီးမီးယားလိဂ်မှာ အဆင့်(၆)နေရာထိ ပို့ဆောင်ထားတာက မဆိုးဘူးလို့ ဆိုနိုင်ပေမယ့် ဒါကို မကျေနပ်နိုင်တဲ့ အသင်းတာဝန်ရှိသူတွေက ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဒီလို ထုတ်ပယ်မှုကို ချယ်လ်ဆီးပရိသတ်တွေက စိတ်တိုင်းမကျခဲ့ပေမယ့်လည်း အသင်းကို ထပ်ရောက်လာမယ့် နည်းပြသစ်က ပိုချက်တီနိုထက် ပိုသာတဲ့သူ ဖြစ်လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် အခု အသင်းဆီ ရောက်လာတော့မယ့် နည်းပြသစ်က လက်စတာကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ တန်းတက်အောင် လုပ်ဆောင်ပေးခဲ့တဲ့ နည်းပြ မာရက်စကာပဲ ဖြစ်ပါတယ်။
Photo Credit: Football Transfer
မာရက်စကာဟာ လက်စတာကို မကိုင်တွယ်ခင် မန်စီးတီးမှာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွှက်ခဲ့ဖူးပြီး နည်းပြ အတွေ့အကြုံ နုနယ်သေးသူလည်း ဖြစ်ပါတယ်။ မာရက်စကာက နည်းပြဟောင်း ပိုချက်တီနိုလောက် ပုံရိပ် မမြင့်မားတဲ့ နည်းပြတစ်ဦး ဖြစ်ပေမယ့်လည်း ချယ်လ်ဆီး ဘက်ကတော့ မာရက်စကာဟာ ဂွာဒီယိုလာရဲ့ တပည့်ဟောင်း အာတီတာလို အာဆင်နယ်မှာ အောင်မြင်နေသလိုမျိုး မာရက်စကာပါ ဒုတိယမြောက် အာတီတာ ဖြစ်လာမှာကို ယုံကြည်နေတာကြောင့် အခုလို နည်းပြသစ်အဖြစ် တာဝန်ပေးချင်နေတာ ဖြစ်ပါတယ်။
Photo Credit: Sky Sports
နောက်ပြီး ချယ်လ်ဆီး အသင်းက အီတလီလူမျိုး ဘောလုံးနည်းပြတွေနဲ့ ပြည်တွင်းမှာရော ဥရောပမှာပါ အောင်မြင်မှုတွေ အမြောက်အများ ရယူထားခဲ့ဖူးတဲ့ မှတ်တမ်းကောင်းတွေလည်း ရှိတာကြောင့် အီတလီနည်းပြ မာရက်စကာကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ချယ်လ်ဆီးက မာရက်စကာကို (၅)နှစ်+(၁)နှစ်စာချုပ်နဲ့ စာချုပ်ချုပ်ဆိုသွားဖို့ ရှိနေပြီး ဒီရက်ပိုင်းအတွင်းမှာပဲ နည်းပြသစ် ခန့်အပ်မှုကို အပြီးသတ် လုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။
Featrued Photo: Transfermarket