ငွေဟာ အရာရာအတွက် အရေးပါတယ်ဆိုတာ မှန်ပါတယ်။ တချို့လူတွေကတော့ ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်ယူမှရမယ်လို့ တွေးထင်ထားကြတာပါ။ ငွေသုံးနိုင်မှ ပျော်ရမယ် ဆိုတာမျိုးပေါ့။ တကယ်က ပိုက်ဆံမကုန်ဘဲ ပျော်အောင် နေနိုင်မယ့် နည်းတွေ အများကြီး ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ရိုးရှင်းပြီး အကျိုးများတဲ့ ပျော်ရွှင်မှု ရဖို့အတွက် ကွီးတို့ လုပ်နိုင်တဲ့ နည်းလမ်းတစ်ချို့  မျှဝေပေးချင်ပါတယ်။

(၁) လက်မှုပညာ လေ့လာပါ


Photo : Freepik

ဘာပဲလုပ်လုပ် ကိုယ့်လက်ကိုယ့်ခြေ ကိုယ်တိုင်လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။ ဧည့်ခန်းမှာ ထားဖို့ စင်ကလေးက အစ ခုံတန်းလေးတွေ ရိုက်တာအထိ ကိုယ်တိုင် လုပ်နိုင်မယ်ဆိုရင် ပျော်ဖို့လည်း ကောင်းသလို စိတ်လည်း ပိုချမ်းသာရပါတယ်။ ငယ်ငယ်ကတည်းက လက်မှုအတတ်တွေ လေ့လာထားသင့်ပါတယ်။

(၂) စမတ်ဖုန်းနဲ့ ခပ်ခွာခွာနေပါ


Photo : Unsplash

ဖုန်းတွေက နည်းပညာပိုမြင့်လာသလို Features တွေကလည်း စုံလာတော့ တစ်ခါလောက် လက်ထဲ ကိုင်မိရင်ကို မချချင်တော့ပါဘူး။ စမတ်ဖုန်းတွေကြောင့် လူတွေ အကျိုးများလာတယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ ဖုန်းကြောင့် လူတွေ စိတ်ပို ပင်ပန်းရတာတွေလည်း ရှိပါတယ်။ ပျော်ရွှင်တက်ကြွတဲ့ လူမှုဘဝပုံစံဟာ စိတ်အနားရခြင်းနဲ့ ဆက်စပ်ပါတယ်။ ဖုန်း Screen ပေါ်က စိတ်ရှုပ်စရာတွေ အာရုံနောက်စရာတွေကနေ တစ်ပတ်မှာ တစ်ရက် တန်သည် နှစ်ရက်တန်သည် ရှောင်ခွာသင့်ပါတယ်။

(၃) သဘာဝနဲ့ ထိတွေ့ပါ


Photo : iStock

သစ်ပင်စိုက်တာနဲ့ ငါးမျှားတာဟာ စိတ်ကို ငြိမ်ပြီး ငြိမ်းစေတဲ့ အပြုအမှုတွေထဲမှာ ပါပါတယ်။ အထူးသဖြင့် ဥယျာဉ်စိုက်သူဟာ ကြည်နူးမှုနဲ့ နေနေသူပါ။ သူစိုက်ထားတဲ့ သစ်ပင်လေးတွေ အညှောင့်အတက် ထွက်လာချိန်ကနေ အပင်ကြီးလို့ အသီးသီးတဲ့အထိ ရင်ခုန်နေတတ်သူ ဖြစ်ပါတယ်။

(၄) အစားအသောက်ထိန်းသိမ်းပါ


Photo : The Trent

အဆီများတဲ့ငါးတွေ စားပါ။ အထူးသဖြင့် ဆယ်လ်မွန်ငါးတွေဟာ စိတ်ဓာတ်ကျခြင်းကို သက်သာစေမယ့် အိုမီဂါသရီး ဖက်တီး အက်ဆစ် ကြွယ်ဝပါတယ်။ အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေ စားပေးဖို့ လိုပြီး အရက်နဲ့ ဆေးလိပ် ရှောင်နိုင်သမျှ ရှောင်သင့်ပါတယ်။

(၅) အသက်ရှုလေ့ကျင့်ခန်း လုပ်ပါ

Photo : Unsplash

အသက်ရှုနည်းစနစ် မှန်ကန်ခြင်းနဲ့ အသက်ရှုမှုကို လေ့ကျင့်ခန်းတစ်ခုအဖြစ် ပုံမှန်လုပ်တဲ့သူဟာ စိတ်လည်း ဖိအားနည်းပြီး အေးချမ်းပျော်ရွှင်ရပါတယ်။ စိတ်ကြည်လင်လို့ အလုပ်လုပ်ရတာမှာလည်း ထက်သန် တက်ကြွပြီး အလုပ်အောင်မြင်ပြီးမြောက်မှု ရလဒ်ကောင်းတွေ ရပါတယ်။

Featured Photo : Pexels