ပြင်သစ် နဲ့ အာဂျင်တီးနား။ နောက်ပိုင်းနှစ်တွေမှာ ဒီနိုင်ငံအသင်းနှစ်သင်းနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဂယက်တွေက မနည်းမနောပါ။ မကြာသေးခင်က အန်ဇို ဖာနန်ဒက်ဇ် အသင်းရဲ့ bus ကားပေါ်မှာ ပြင်သစ်-အာဖရိက ကစားသမားတွေနဲ့ ပတ်သက်ပြီး live လွှင့် သီချင်းဆိုမိတာကတော့ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့တဲ့အပြင် ဒါတွေက ပဲရစ် အိုလံပစ်အထိကို ရိုက်ခတ်လာသလို အခုထိလည်း အန်ဇိုမှားတယ် အန်ဇိုမမှားဘူးတွေနဲ့ အငြင်းအခုန်တွေလည်း ဖြစ်နေကြပါတယ်။

mbappe v messi

Photo Credit : DNP India

ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ ဒီနှစ်သင်းက ဗိုလ်လုပွဲအဆင့်မှာပဲ ဆုံတွေ့ခဲ့ရင်း သာမန်ပွဲချိန်အတွင်းမှာ တစ်ဖက်တစ်ဂိုးစီ အချိန်ပိုနာရီဝက်မှာ တစ်ဖက် (၃)ဂိုးစီနဲ့ အနိုင်အရှုံး အဖြေမပေါ်သေးလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြရာမှာတော့ အာဂျင်တီးနားက ပင်နယ်တီ (၄)လုံးကန် (၄)လုံးစလုံးဝင်ပေမယ့် ပြင်သစ်ကတော့ ပင်နယ်တီ (၄)လုံးမှာ (၂)လုံးပဲ ဝင်အောင် ကန်နိုင်ခဲ့လို့ ပင်နယ်တီမှာ အာဂျင်တို့ အနိုင်ရရင်း ကမ္ဘာ့ချန်ပီယံ ဖြစ်သွားခဲ့ရပါတယ်။ အဲ့အချိန်ကတည်းက ပြင်သစ်ဟာ အာဂျင်တီးနားကို မျက်မုန်းကျိုးနေတာ ဖြစ်သလို အာဂျင်ဘက်ကလည်း အောင်ပွဲခံတိုင်းမှာ ပြင်သစ်ကို ခနဲ့သလိုလိုတွေ လုပ်လာပါတော့တယ်။

enzo chant

Photo Credit : Daily Mail

ဒီလို အစာမကြေမှုတွေက အန်ဇိုရဲ့ chant နဲ့ တစ်စခန်း ပြန်ထခဲ့ရပါတယ်။ အန်ဇိုအနေနဲ့ ဒီလို ဆိုမြည်းတာက ကီလီယန် အမ်ဘာပေရဲ့ ဥရောပပြိုင်ပွဲတွေက တောင်အမေရိကပြိုင်ပွဲတွေထက် ပိုပြီး ခက်ခဲတယ်ဆိုတဲ့ မှတ်ချက်စကားအပေါ် မကျေနပ်လို့ ဆိုတာလို့ ပြောကြပေမယ့်လည်း ဒီ chant ကြောင့် အန်ဇိုကို သူရဲ့ချယ်လ်ဆီးအသင်းဖော် ပြင်သစ် သားတွေက စိတ်ဆိုးခဲ့ကြလို့ အန်ဇိုက ပြန်တောင် တောင်းပန်ထားရပါသေးတယ်။ အခုတော့ အန်ဇိုနဲ့ သူ့အသင်းဖော်တွေကြားမှာ အဆင်ပြေပြေ ရှိသွားခဲ့ပေမယ့်လည်း အိုလံပစ်မှာတော့ ပွဲကြမ်းကြဖို့ ရှိနေပြန်ပါတယ်။

france v argentina

Photo Credit : Equipe de France

ပဲရစ် အိုလံပစ်ပြိုင်ပွဲကြီး ဘောလုံးပြိုင်ပွဲတွေ အုပ်စုအဆင့် ပြီးသွားတော့ ကွာတားဖိုင်နယ်အဆင့်မှာ အုပ်စု(A)ရဲ့ အုပ်စုဗိုလ် ပြင်သစ်နဲ့ အုပ်စု(B)ရဲ့ အုပ်စုဒုတိယ အာဂျင်တီးနားတို့က တိုက်တိုက်ဆိုင်ဆိုင်ကို ဆုံနေပါတယ်။ ပြင်သစ် နိုင်ငံမှာ ကျင်းပနေတဲ့ ပြိုင်ပွဲဖြစ်တဲ့အပြင် အိမ်ရှင် ပြင်သစ်နဲ့ပါ ဆုံတွေ့ရမယ့် ဒီပွဲမှာ အာဂျင်တီးနားတို့ စပယ်ရှယ် package နဲ့ကို အလှောင်ပြောင်ခံရနိုင်ပြီး ဒီအခြေအနေမှာ အိမ်ရှင်ကပဲ ကမ္ဘာ့ဖလား ရှုံးကြွေးကို ဆပ်သွားမလား အာဂျင်တို့ကပဲ အိမ်ရှင်ပြင်သစ်ကို ထပ်ပြီး ဆုံးမ သွားမလားဆိုတာ သြဂုတ် (၂)ရက်နေ့မှာ အဖြေရှာသွားရပါမယ်။

Featured Photo: Youtube