ဒီနှစ် ဘောလုံးရာသီက မန်ယူနည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ တတိယမြောက် (၃)ရာသီမြောက်မို့လား မသိဘူး။ မန်ယူနဲ့ ပတ်သက်ပြီး (၃)ဂဏန်းတွေက ခဏခဏကို မြင်ရတယ်။ အိုးထရက်ဖို့ဒ်မှာ လီဗာပူးလ်အသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ ရှုံးတယ်။ အခုလည်း စပါးအသင်းကို အိုးထရက်ဖို့ဒ်မှာပဲ (၃)ဂိုး ဂိုးမရှိနဲ့ ရှုံးပြန်တယ်။ တန်ဟက်ဂ်အသင်းက သုံးစားမရတဲ့ အသင်းမျိုးတောင် ဖြစ်လာခဲ့ပါတယ်။

manutd 0-3 tottenham

Photo Credit: Sky Sports

မနေ့က မန်ယူနဲ့ စပါးတို့ပွဲ ပထမပိုင်း ပွဲကစားချိန် မန်ယူအသင်း ဆော့သွားတာက တန်ဟက်ဂ်လက်ထက် အစုတ်ချာဆုံး ပထမပိုင်းလို့တောင် ဆိုရပါမယ်။ ပေးလိုက်ရတဲ့ ဂိုးကလည်း တွမ်တီးနဲ့ပွဲတုန်းက ခွင့်ပြုလိုက်ရတဲ့ ချေပဂိုးထက်တောင် ပိုဆိုးသေးတယ်။ (၂)ပွဲဆက်တိုက် ဒီလို ပုံစံမျိုးနဲ့ ဂိုးပေးလိုက်ရတာကလည်း လက်ခံရ ခက်စေပါတယ်။ ဂိုးပေးလိုက်ရပြီးတဲ့နောက်မှာ ဘယ်လိုကစားနေမှန်းမသိနဲ့ ကစားပုံနဲ့ ကစားနေရင်း ဘရူနိုက တိုက်ရိုက် အနီကတ်ထိသွားတယ်။ အဝါလောက်ပြလည်း ဖြစ်နေတဲ့ဟာကို ဒိုင်က တစ်ခါတည်း အနီတန်းပြလိုက်တာက လတ်တလော ဘရူနိုကို line-up မှာ မပါစေချင်နေတဲ့ မန်ယူဖန်တွေ ကျေနပ်သွားနိုင်ပါတယ်။

ten hag

Photo Credit: CaughtOffside

ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာဘူး။ ဒီရာသီမှာ ဂိုးတောင် မရသေးတဲ့ ကူလူဆက်ဗ်စကီးက ဂိုးစသွင်းတယ်။ (၁)ယောက်လည်းလျော့ (၂)ဂိုးပြတ်နဲ့လည်း ရှုံးနေမှ မန်ယူက နည်းနည်း ခြေစွမ်းကောင်းသယောင်လေးတွေ စပြလာတယ်။ ဂိုးပေါက်ခြိမ်းခြောက်မှုလေးတွေ လုပ်လာပေမယ့် အဆုံးသတ်ကတော့ ထုံးစံအတိုင်း။ အဲ့ဒီကနေပဲ ဆားတို့ လူစားဝင်ချိန်မှာ ဆား ခေါင်းတိုက်လိုက်တာကို ဆိုလန်ကီက တတိယမြောက်ဂိုး သွင်းလိုက်တယ်။ တစ်ပွဲလုံးမှာ အိုနာနာသာ လက်စွမ်းမပြရင် မန်ယူတော့ အိုးထရက်ဖို့ဒ်မှာပါ စပါးရဲ့ 7up တိုက်တာနဲ့ ကြုံသွားရမှာ သေချာပါတယ်။

erik ten hag

Photo Credit: TEAMtalk

ဒီပွဲပြီးသွားတော့ ရာသီအစ ပရီးမီးယားလိဂ် (၆)ပွဲမှာ (၃)ပွဲထိတောင် ရှုံးထားတဲ့ အခြေအနေက တန်ဟက်ဂ် အတွက် ပြုတ်စော်နံလာပြီလို့ ဆိုရပါတော့မယ်။ တန်ဟက်ဂ်ကတော့ အထုတ်ခံရမယ်ဆိုတာ မစဉ်းစားထားပါဘူး ဘာညာပြောထားပေမယ့် ဒီရက်ပိုင်းအတွင်းမဟုတ်ရင်တောင် ဒီအောက်တိုဘာလထဲမှာတော့ တန်ဟက်ဂ်အနေနဲ့ ယူနိုက်တက် နည်းပြရာထူးနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးလာဖွယ် ရှိနိုင်ပါတယ်။

Featured Photo: Football365