ချယ်လ်ဆီးအသင်း နဲ့ လီဗာပူးလ်အသင်းတို့ဟာ နောက်ပိုင်း ထိပ်တိုက် တွေ့ဆုံမှုတွေမှာ ဂိုးမရှိ သရေတွေနဲ့ ပွဲကို အဆုံးသတ်တာဟာ ဆက်တိုက် ဆိုသလောက်ပါပဲ။ ဒီတစ်ကြိမ်မှာလည်း ထုံးစံအတိုင်း သရေပွဲနဲ့သာ ပြီးဆုံးသွားခဲ့ရပေမယ့်လည်း ပွဲက တကယ်ကို ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ရပြီး ပွဲအစကနေ ပွဲအဆုံးထိ အကောင်းဆုံးသော ဖျော်ဖြေမှုတစ်ခုကို ပေးစွမ်းသွားနိုင်ခဲ့ပါတယ်။

liverpool

Photo Credit : Twitter

ပရီးမီးယားလိဂ် ဘောလုံးရာသီသစ်ရဲ့ အစပိုင်းမှာကတည်းက တွေ့့ဆုံနေတဲ့ ချယ်လ်ဆီး နဲ့ လီဗာပူးလ်တို့ ဒီရက်ပိုင်းမှာပဲ ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒိုကို အပြိုင်လုနေခြင်းကလည်း ဒီပွဲအတွက် ပိုပြီး အကြိတ်အနယ် ဖြစ်နေစေရပါတယ်။ ပွဲအစမှာတော့ လီဗာပူးလ် အယ်လစ္စတာရဲ့ long pass ဆာလာရဲ့ killer pass ကနေ တစ်ဆင့် ဒီယက်ဇ်က အချိန်ကိုက် ပိတ်သွင်းရင်း မိနစ် (၂၀)မပြည့်သေးခင်မှာပဲ စတင် ဦးဆောင်လိုက်ပါတယ်။ ဒီဂိုးအပြီးမှာ ဆာလာက ဂိုးထပ်ရပေမယ့်လည်း VAR နဲ့ စစ်ဆေးရာမှာတော့ လူကျွံနေခဲ့ပါတယ်။

chelsea

Photo Credit : Twitter

ပွဲချိန် မိနစ်(၃၀)နောက်ပိုင်း ချယ်လ်ဆီးက ကစားပုံ ပိုကောင်းလာရင်း (၃၇)မိနစ်မှာတော့ ချယ်လ်ဆီး ကစားသမားသစ် ခံစစ်မှူး ဒီဆာဆီက ချေပဂိုး သွင်းပေးခဲ့ပါတယ်။ သိပ်မကြာခင်လေးမှာပဲ ချီဝဲလ်က ဦးဆောင်ဂိုးပါ ထပ်မံ သွင်းယူခဲ့ပေမယ့် VAR နဲ့ စစ်ဆေးကြည့်ရမှာတော့ လူကျွံသွားပြန်ပါတယ်။ ဒီလို လူကျွံမှုတွေသာ မဖြစ်ခဲ့ရင်တော့ ပထမပိုင်းမှာတင် နှစ်သင်းလုံးရဲ့ သွင်းဂိုးအရေအတွက်က (၄)ဂိုးအထိတောင် ရှိသွားမှာပါ။ ဒီလို အားပြိုင်မှုတွေကြောင့် ဒုတိယပိုင်းမှာလည်း ဂိုးတွေ ထပ်သွင်းဦးမယ်လို့ ယူဆခဲ့ရပေမယ့် ဂိုးထပ်မသွင်းတော့ပဲ တစ်ဂိုးစီ သရေနဲ့သာ အဆုံးသတ်သွားပါတယ်။

cfc vs liv

Photo Credit : Bola

သရေပွဲ တစ်ပွဲအဖြစ် ထပ်မံ ဖြစ်ပေါ်ခဲ့တယ် ဆိုပေမယ့်လည်း ဒီပွဲမှာ ချယ်လ်ဆီးအသင်း မနှစ်က ရာသီထက် ပိုကောင်းအောင် ကစားပြနိုင်မှုတွေက ဒီပွဲအတွက် ပြောစမှတ် ဖြစ်ခဲ့ရပါတယ်။ လီဗာပူးလ်မှာလည်း ကွင်းလယ် နဲ့ တိုက်စစ်ပိုင်းက အားရစရာ အနေအထားမှာ ရှိခဲ့ရပေမယ့် ခံစစ် နဲ့ ကွင်းလယ်မှာ ချိတ်ဆက်မှု အားနည်းတာကလည်း လိုအပ်ချက် ဖြစ်နေရပါတယ်။ Defensive Midfielder နေရာအတွက် ကစားသမားတစ်ဦးလည်း မဖြစ်မနေ လိုအပ်တဲ့ ပုံစံပါ။ ချယ်လ်ဆီးလည်း ဒီနေရာအတွက် DM တစ်ဦးလောက် လိုနေပါတယ်။ ဒါကြောင့် DM တစ်ဦး ဖြစ်သူ ကိုင်စီဒိုလုပွဲမှာရော ဘယ်အသင်းက အသာရသွားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

Featured Photo : Twitter