ဗိုက်လုံးလုံးလေးနဲ့မှ ချစ်စရာကောင်းတယ်လို့ မြင်နေတဲ့အမြင်တွေ ပြောင်းလဲလိုက်သင့်ပါပြီ။ တကယ်တော့ ဝမ်းဗိုက်က အဆီတွေဟာ ကွီးတို့ကို ရုပ်ပိုင်းဆိုင်ရာအရ ဆွဲဆောင်မှုလျှော့ကျစေသလို ကျန်းမာရေးအရလည်း ဆိုးကျိုးတွေ အများကြီး ရှိနေပါတယ်။ ဗိုက်မှာ အဆီတွေစုပုံနေတဲ့အခါ ခန္ဓာကိုယ်က ပေါ့ပေါ့ပါးပါးမရှိတော့ပဲ လေးလံထိုင်းမှိုင်း လာစေတဲ့အပြင် ဆီးချို ၊ နှလုံး ၊ သွေးတိုးရောဂါတွေလို ကျန်းမာရေးဆိုင်ရာ ရောဂါအန္တရာယ်တွေရဲ့ ခြိမ်းခြောက်မှုတွေလည်း အများကြီး ရှိနေပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဗိုက်က အဆီတွေကို ဖြုတ်ချနိုင်မယ့် အထိရောက်ဆုံး လေ့ကျင့်ခန်း နည်းလေးတွေကို ပြောပြပေးပါမယ်။
(၁) Walking Lunge
Source : Marcus Filly
ခန္ဓာကိုယ်အောက်ပိုင်း ရွေ့လျားမှုနဲ့အတူ ဝမ်းဗိုက်မှာရှိတဲ့ အဆီတွေ ကို လောင်ကျွမ်းစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ Walking Lunge လေ့ကျင့်ခန်းကို ကိရိယာလွတ်ကစားနိုင်သလို အလေးတုံးတွေနဲ့လည်း ကစားလို့ရပါတယ်။ ၁၀ ကြိမ် , ၃ ကျော့စီ ကစားပေးပါ။
(၂) Burpee
Source : Marcus Filly
Burpee ကတော့ ကယ်လိုရီ လောင်ကျွမ်းတဲ့နေရာမှာ အကြမ်းဆုံးဖြစ်သလို ကစားရတာ အဟိုက်ဆုံးလို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ဗိုက်က အဆီတွေ ကို ကျစေရုံမကပဲ ခန္ဓာကိုယ်တစ်လုံးမှာရှိတဲ့ အဆီပိုတွေကို မျှမျှတတကျစေပြီး ကျစ်လစ်ကြံ့ခိုင်တဲ့ ဘော်ဒီကို ရစေဖို့ ကူညီပေးပါတယ်။ Burpee ကိုလည်း ၁၀ ကြိမ် , ၃ ကျော့ ကစားပေးပါ။
(၃) Russian Kettlebell Swing
Source : Marcus Filly
Russian Kettlebell Swing လေ့ကျင့်ခန်းက ပေါက်ကွဲအားပြင်းပြင်းနဲ့ ကစားရတဲ့ ကယ်လိုရီ လောင်ကျွမ်းမှု အများဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ Kettlebell လွဲထုတ်လိုက်ချိန်မှာ တွန်းအားအတွက် ပါဝါကိုအဓိက အသုံးပြုရပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ခုခံအားနဲ့ အရှိန်ကို ပြန်ထိန်းပြီး ကစားပေးရတာပါ။ ဗိုက်က ကြွက်သားတွေနဲ့ ရင်ဘတ် ၊ လက်မောင်းတို့လို ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေကို ထိရောက်မှု ရှိစေပါတယ်။ ၁၅ ကြိမ် , ၃ ကျော့ ကစားပေးပါ။
(၄) Dumbbell Snatch
Source : Marcus Filly
ဒီလေ့ကျင့်ခန်း ကစားဖို့အတွက် Dumbbell အလေးတုံး လိုအပ်ပါတယ်။ Dumbbell နဲ့အတူ ခန္ဓာကိုယ်မှာရှိတဲ့ အဆစ်တွေကို တပြိုင်နက်တည်း လှုပ်ရှားကစားပေးရတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် အဆီလောင်ကျွမ်းမှုများပြီး ပါဝါကောင်းစေပါတယ်။ ဗိုက်က အဆီတွေ ကို လောင်ကျွမ်းစေမယ့်အပြင် ခန္ဓာကိုယ်တစ်လုံးမှာရှိတဲ့ ကြွက်သားတွေကို ကျစ်လစ်သန်စေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ၁၂ ကြိမ် , ၃ ကျော့ ကစားပေးပါ။
(၅) Quadruped Crawl
Source : Marcus Filly
ဗိုက်က အဆီတွေ ကိုဖြုတ်ချဖို့အတွက် နောက်ထပ်ပြောပြပေးချင်တဲ့ လေ့ကျင့်ခန်းကတော့ Quadruped Crawl ပါ။ ဝက်ဝံလမ်းလျှောက်တဲ့ ပုံစံကစားပေးရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ပြီး ဖြည်းဖြည်းချင်း လျှောက်ပေးပါ။ စက္ကန့် ၃၀ , ၃ ကြော့ ကစားပေး ရပါမယ်။
Featured Photo : Men’s Health