ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဥက္ကဌကြီး ဖလော်ရန်တီနို ပီရက်ဇ် အလိုချင်ဆုံး ကစားသမားဖြစ်တဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေကို အခုတော့ အသင်းဆီ အရ ခေါ်ယူနိုင်လိုက်ပြီ ဖြစ်တာကြောင့် ရီးယဲလ်အသင်းဟာ ကျားကို အတောင်ပံ တပ်ပေးလိုက်သလိုမျိုးတောင် ဖြစ်လာပါတော့မယ်။

mbappe monaco

Photo Credit: NBC Sports

တကယ်တော့ ရီးယဲလ် က ဘာပေကို ခေါ်ယူချင်ခဲ့တာ အချိန်အတော်လေး ကြာခဲ့ပါပြီ။ မိုနာကိုနဲ့ တောက်ပခဲ့ချိန်ကတည်းက ဘာပေကို ရီးယဲလ်က စိတ်ဝင်စားခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ လက်ဦးမှုကြောင့် လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီမှာ ရှိနေချိန်မှာတောင် ရီးယဲလ်ဘက်က ဘာပေကို ကြိုးပမ်းမှုတွေ ထပ်လုပ်ဆောင်ခဲ့ပြီး ဘာပေလည်း ရီးယဲလ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်မှုတွေ (၂)ကြိမ်ခန့်လောက် ရှိခဲ့ပါသေးတယ်။

perez mbappe

Photo Credit: Daily Mail

ပီရက်ဇ်ကလည်း သူ့အသင်းအတွက် dream signing အဖြစ် ဘာပေကို ခေါ်ယူနိုင်ဖို့ လုံးဝ လက်မလျှော့ပဲ ဆက်လက် ကြိုးပမ်းခဲ့ရာ အခုတော့ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကစားသမားဖြစ်သူ ဘာပေကို ပြောင်းရွှေ့ကြေး တစ်ပြားမှ သုံးစရာ မလိုအပ်ပဲနဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက် ဘာပေလို လက်ရှိမှာ ယူရိုသန်း(၁၈၀)လောက်အထိ တန်ကြေးရှိနေတဲ့ ထိပ်တန်း ကစားသမားကို အလွတ်နဲ့ လက်လွတ်လိုက်ရတာက တကယ်ရင်နာစရာ ဖြစ်ရပါတော့မယ်။

mbappe with real madrid fan

Photo Credit: France24

ရီးယဲလ် ကတော့ ဘာပေကို မခေါ်ယူနိုင်ခင် သူတို့အသင်း ပိုင်ဆိုင်ထားတဲ့ ထိပ်တန်း ကစားသမားတွေနဲ့တင် ချန်ပီယံလိဂ်ဖလားတွေ လာလီဂါဖလားတွေ နှစ်တိုင်းနီးပါး ရယူနေတာဖြစ်တာမို့ ဘာပေသာ ရောက်လာပြီ ဆိုရင်တော့ သူတို့အသင်းဟာ ပြိုင်ဘက်အသင်းတိုင်းအတွက် အတော်လေး ကြောက်မက်စရာကောင်းတဲ့ အသင်းမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဘယ်လင်ဟမ် ရိုဒရီဂို ဗင်နီစီယပ်စ် ဘာပေတို့ရဲ့ တိုက်စစ်အစုအဖွဲ့ဟာဆိုရင်လည်း ဥရောပရဲ့ အတောင့်တင်းဆုံး ကြောက်စရာ အကောင်းဆုံး တိုက်စစ်ပိုင်းပါ သေချာပေါက် ဖြစ်သွားနိုင်ပါတယ်။

Featured Photo: Planeta Real Madrid