ရုပ်သံကြေး Pay-Per-Views (PPV) နဲ့ နာမည်ကြီး ဖိုက်တာတွေရဲ့ ထိုးသတ်ပွဲတွေဟာ တစ်ပွဲတည်းနဲ့ ဒေါ်လာသန်း ရာနဲ့ချီ တန်တဲ့ လက်ဝှေ့ပွဲတွေ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာ့ထိပ်တန်း လက်ဝှေ့ကျော်တွေ ဖြစ်ကြတဲ့ အန်တိုနီ ဂျိုရှုဝါ ၊ တိုင်ဆန် ဖျူရီ ၊ ဒီယွန်တေ ဝိုင်ဒါ တို့ရဲ့ ပွဲတွေဟာ အခုပြောတဲ့ ဒေါ်လာသန်းရာဂဏန်းတန် ထိုးသတ်ပွဲတွေစာရင်းမှာပါနိုင်ပါတယ်။ ဘောက်ဆင် သမိုင်းမှာ PPV နဲ့ အကြီးကျယ်ဆုံး လက်ဝှေ့ပွဲတွေအကြောင်းက အားကစားချစ်သူတွေအတွက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ရပါတယ်။
(၁) Floyd Mayweather Vs Manny Pacquiao
၂၀၁၅ မေလထဲမှာ ဖြစ်ခဲ့တဲ့ လက်ဝှေ့ကျော် ဖလွိုက်ဒ် မေဝဲလ်သာ နဲ့ မန်နီ ပက်ကွီယိုတို့ရဲ့ ပွဲကို ရာစုနှစ်ရဲ့ ထိုးသတ်ပွဲ – The Fight Of The Century လို့ တင်စားကြပါတယ်။ မေဝဲလ်သာ အမှတ်နဲ့ အနိုင်ရခဲ့ပေမယ့် ပက်ကွီယိုရဲ့ လက်ရည်ဟာ ချန်ပီယံပီသတဲ့အကြောင်း ဖော်ပြနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ Pay-Per-View ဝယ်ယူသူ ၄.၆ သန်း ရှိခဲ့ပြီး PPV ဝင်ငွေ ဒေါ်လာ သန်း ၄၁၀ (ပေါင် ၃၃၃ သန်း) ရခဲ့ပါတယ်။ လက်မှတ်ဖိုး ပေါင် ၅၈.၇ သန်း ၊ မေဝဲလ်သာ ဆုကြေး ပေါင် ၂၂၃.၅ သန်း ၊ ပက်ကွီယို ၁၂၂ သန်း စုစုပေါင်း ပေါင် ၆၇၈ သန်း ပေးခဲ့ပါတယ်။
(၂) Floyd Mayweather Vs Conor McGregor
မေဝဲလ်သာ နဲ့ MMA ဖိုက်တာ ကော်နာ မက်ဂရီဂေါ်တို့ ထိုးသတ်ခဲ့တဲ့ ၂၀၁၇ ဩဂုတ်လက ပွဲကို ပိုက်ဆံပွဲ – The Money Fight လို့ ပြောစမှတ်တွင်ခဲ့ပါတယ်။ မေဝဲလ်သာအနေနဲ့ အနိုင်အဖြစ် အများက မှန်းထားတဲ့အတိုင်း ပွဲသိမ်းပေးခဲ့ပါတယ်။ ရှုံးပွဲမရှိ စံချိန်ရှင်အဖြစ် လက်ရှိအချိန်မှာ အနားယူသွားပြီ ဖြစ်တဲ့ မေဝဲလ်သာဟာ မက်ဂရီဂေါ်နဲ့ နီဗားဒါးပြည်နယ် Paradise က T-Mobile Arena မှာ ထိုးသတ်ခဲ့တာ ဖြစ်ပြီး ဒီပွဲမှာ PPV Buys ဝယ်သူ ၄.၃ သန်း ၊ PPV ဝင်ငွေ ဒေါ်လာ ၃၉၆ သန်း (ပေါင် ၃၂၅ သန်း) ၊ လက်မှတ်ကြေး ပေါင် ၄၄ သန်း ၊ မေဝဲလ်သာ ပေါင် ၂၂၃.၅ သန်း ၊ မက်ဂရီဂေါ် ပေါင်သန်း ၇၀ စုစုပေါင်း ပေါင် ၆၆၂.၅ သန်း ရှာသွားတဲ့ လက်ဝှေ့ပွဲလည်း ဖြစ်ပါတယ်။
(၃) Floyd Mayweather Vs Canelo Álverez
၂၀၁၃ စက်တင်ဘာလထဲမှာ ဖလွိုက်ဒ် မေဝဲလ်သာနဲ့ ကန်နီလို အယ်လ်ဗာရက်ဇ်တို့ ထိုးသတ်ခဲ့ပြီး ဒီပွဲကလည်း လက်ဝှေ့သမိုင်းမှာ အကြီးကျယ်ဆုံး ဖိုက်တာနှစ်ဦး တွေ့ဆုံတဲ့ပွဲအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ MGM Grand ပွဲမှာ ပရိသတ် ၁၆၀၀၀ ကျော် ကြိတ်ကြိတ်တိုး အားပေးခဲ့တဲ့ ပွဲဖြစ်ပြီး မေဝဲလ်သာပဲ ပွဲကို အနိုင်နဲ့ သိမ်းပိုက်နိုင်ငခဲ့တာပါ။ PPV ဝယ်သူ ၂.၂ သန်း ၊ PPV ဝင်ငွေ ဒေါ်လာသန်း ၁၅၀ (ပေါင် သန်း ၁၂၀) ရခဲ့ပါတယ်။ လက်မှတ်ကြေး ပေါင်သန်း ၂၀ နဲ့အတူ မေဝဲလ်သာအတွက် ဆုကြေး ပေါင် ၆၅ သန်း ၊ ကန်နီလိုအတွက် ပေါင် ၉.၇ သန်း ရခဲ့ပြီး စုစုပေါင်း ပေါင် ၂၁၄.၇ သန်း ရသွားခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။
(၄) Floyd Mayweather Vs Oscar De La Hoya
ကမ္ဘာ့ PPV ကြေးအကြီးဆုံး ရတဲ့ ဘောက်ဆင်ပွဲတွေထဲမှာ မေဝဲလ်သာရဲ့ ထိုးသတ်ပွဲတွေက ထိပ်ဆုံးက ဖြစ်ပါတယ်။ ဖလွိုက်ဒ် မေဝဲလ်သာ နဲ့ အော်စကာ ဒီလာ ဟိုယာတို့ ၂၀၀၇ မေလထဲမှာ ထိုးသတ်ခဲ့တဲ့ပွဲက ဘောက်ဆင်သမိုင်းရဲ့ PPV ဝင်ငွေ စတုတ္ထအများဆုံးပွဲ ဖြစ်ခဲ့ပြီး PPV ဝယ်သူ ၂.၄၈ သန်း ၊ PPV ဝင်ငွေ ဒေါ်လာ ၁၃၆ သန်း (ပေါင် သန်း ၁၁၀) ရခဲ့တာပါ။ ပွဲဝင်ခ ပေါင် ၁၅ သန်း ၊ ဒီလာ ဟိုယာက ဆုကြေးပေါင် ၄၂ သန်း ၊ မေဝဲလ်သာ ပေါင်သန်း ၂၀ ရခဲ့ပြီး စုစုပေါင်း ဒီပွဲကနေ ပေါင် ၁၈၇ သန်း ရှာနိုင်ခဲ့ပါတယ်။
(၅) Mike Tyson V Lennox Lewis
သမိုင်းတလျှောက် အထူးချွန်ဆုံး လက်ဝှေ့ကျော်တစ်ဦးဖြစ်တဲ့ မိုက်ခ်တိုင်ဆင် နဲ့ ဗြိတိန် လက်ဝှေ့ကျော် လင်းနော့ လူးဝစ်တို့ ၂၀၀၂ ခုနှစ်က ဟဲဗီးဝိတ်ချန်ပီယံတန်း ထိုးသတ်ခဲ့တာပါ။ ၈ ချီမြောက်မှာ လူးဝစ်ကို ရှုံးသွားခဲ့တာ ဖြစ်ပါတယ်။ တင်နက်ဆီ ပြည်နယ် မန်ဖစ်မြို့ Pyramid Arena မှာ ကျင်းပတဲ့ ဒီလက်ဝှေ့ပွဲမှာ ထိုင်ခုံလက်မှတ်ပေါင်း ၁၅၀၀၀ ရောင်းချနိုင်ခဲ့ပြီး ရုံဝင်ခ ပေါင် ၁၄.၂သန်း ရခဲ့ပါတယ်။
PPV ဝယ်သူ ၁.၉၅ သန်း ၊ ဝင်ငွေ ဒေါ်လာ ၁၁၂ သန်း (ပေါင်သန်း ၉၀) ဝင်ခဲ့ပြီး ၊ လူးဝစ်နဲ့ တိုင်ဆင်တို့ ပေါင် ၁၄.၂ သန်းစီ ဆုကြေးရခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲနောက်မှာ Mike Tyson V Evander Holyfield II (PPV ဒေါ်လာ ၁၀၀.၂ သန်း) ၊ Mike Tyson V Peter McNeeley ( PPV ဒေါ်လာ ၉၆ သန်း) ၊ Floyd Mayweather V Miguel Cotto (PPV ဒေါ်လာ ၉၄ သန်း ) ၊ Mike Tyson V Roy Jones Jr ( PPV ဒေါ်လာ ၈၀.၅ သန်း) နဲ့ Evander Holyfield V George Foreman (PPV ဒေါ်လာ သန်း ၈၀) တို့နဲ့ PPV ကြေးအမြင့်ဆုံး ဘောက်ဆင်ပွဲ ၁၀ ပွဲ စာရင်းမှာ အစဉ်အတိုင်း ရပ်တည်နေပါတယ်။
Featured Photo : Fox Sport
