၂၀၂၃-၂၄ ဘောလုံးရာသီ ပြီးဆုံးသွားပြီးနောက်ပိုင်း ဘောလုံး ပွဲတွေနဲ့ အဆက်ပြတ်သွားရတဲ့ ကွီးတွေ ညိုကီတွေအတွက် ယူရို -၂၀၂၄ ပြိုင်ပွဲကြီးကတော့ ဒီကနေ့ညမှာပဲ စတင် ကျင်းပသွားပါတော့မယ်။ ဥရောပက ထိပ်တန်း နိုင်ငံအသင်းတွေ အားပြိုင်ကြမယ့် ပြိုင်ပွဲကြီး ဖြစ်တဲ့အပြင် ည(၇)ခွဲ ည(၁၀)ခွဲ ည(၁)ခွဲဆိုပြီး တစ်ရက် (၃)ပွဲအထိ ကစားကြမှာမို့ အိပ်ရေးပျက်မခံနိုင်တဲ့ ညိုကီတို့က အစောပိုင်းပွဲကိုလည်း ရွေးပြီး ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒါဆို ပြိုင်ပွဲအကြောင်း ဆက်ပြောရအောင်။

ronaldo mbappe bellingham

Photo Credit: FOX Sports

(၁၇) ကြိမ်မြောက်အဖြစ် ဂျာမနီနိုင်ငံမှာ ကျင်းပသွားမယ့် ယူရို -၂၀၂၄ပြိုင်ပွဲမှာ အုပ်စု(A) ဂျာမနီ ဟန်ဂေရီ စကော့တလန် ဆွစ်ဇာလန် အုပ်စု(B)မှာ ယူရိုရဲ့ လက်ရှိချန်ပီယံ အီတလီ စပိန် ခရိုအေးရှား အယ်လ်ဘေးနီးယား အုပ်စု(C)မှာ အင်္ဂလန် ဒိန်းမတ် ဆာဘီးယား ဆလိုဗေးနီးယား အုပ်စု(D) မှာ ပြင်သစ် နယ်သာလန် ပိုလန် သြစတြီးယား အုပ်စု(E)မှာ ဘယ်လ်ဂျီယံ ယူကရိန်း ဆလိုဗက်ကီးယား ရိုမေးနီးယား အုပ်စု(F)မှာတော့ ပေါ်တူဂီ တူရကီ ချက် ဂျော်ဂျီယာဆိုပြီး အုပ်စု(၆)စု ပါဝင်ပါမယ်။ အုပ်စု(၆)စုကနေ အုပ်စုပထမ ဒုတိယ (၁၂)သင်း အုပ်စုတတိယ (၆)သင်းထဲကမှ အမှတ်အများဆုံး (၄)သင်း စုစုပေါင်း (၁၆)သင်းက ရှုံးထွက် ကွာတား ဆီမီးနဲ့ ဖိုင်နယ်တွေ ဆက်ကစားသွားရပါမယ်။

euro 2024 germany

Photo Credit: Goal

ဒီအုပ်စုတွေထဲမှာတော့ အုပ်စု(B)နဲ့ (D)တို့က လုံးဝကို အုပ်စုအကျပ်တွေ မရဏအုပ်စုတွေလို့တောင် ခေါ်ဆိုနိုင်ပြီး ဘယ်အသင်းက အုပ်စုဗိုလ် ဘယ်အသင်းက ဒုတိယ တတိယနဲ့ ဘယ်အသင်းက ကျန်ခဲ့မလဲဆိုတာပါ ပြောရခက်နိုင်ပါတယ်။ အုပ်စု(B)မှာ အင်အားအနည်းဆုံးဖြစ်တဲ့ အယ်လ်ဘေးနီးယားကလည်း အီတလီ စပိန် ခရိုအေးရှားတို့ကို ဘယ်လို ဒုက္ခပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို အုပ်စုချောင်နေကြတဲ့ အင်္ဂလန် ဘယ်လ်ဂျီယံ ပေါ်တူဂီနဲ့ အိမ်ရှင် ဂျာမနီတို့လည်း သူတို့အုပ်စုတွေမှာ အုပ်စု ပထမနေရာတွေ ရနိုင်မလားဆိုတာ အုပ်စုပွဲတွေအတွက် အကြို ရင်ခုန်စရာပါ။

germany euro 2024

Photo Credit: Entertainment.ie

အခုက ပြိုင်ပွဲစရုံပဲ ရှိသေးတော့ ဘယ်အသင်း ဗိုလ်စွဲမယ် ဘယ်ကစားသမားက ဂိုးအများကြီး သွင်းမယ်ဆိုတာတွေကို စိတ်မှန်းနဲ့သာ မှန်းနိုင်ဦးမှာပါ။ အုပ်စုအဆင့်တွေ ကျော်ဖြတ်ပြီးရင်တော့ ဗိုလ်လုပွဲအထိ လမ်းကြောင်းမှာ ဘယ်အသင်းက အခြေအနေ အကောင်းဆုံး ဖြစ်နိုင်မလဲ ဆိုတာကို ပိုသိသာလာပါလိမ့်မယ်။ ဆိုတော့ဗျာ ဒီနေ့ည စကစားကြမယ့် အိမ်ရှင် ဂျာမနီနဲ့ စကော့တလန်တို့ရဲ့ ယူရို -၂၀၂၄အဖွင့်ပွဲကိုပဲ အရင်ဆုံး ရင်ခုန်ကြည့်ကြတာပေါ့။ ဂျာမနီတို့ အနိုင်နဲ့ စဖွင့်ပါမယ်။

 

Featured Photo: Opta Analyst