ပေါ်တူဂီစတား ခရစ္စတီယာနို ရော်နယ်ဒို ဟာ သူရဲ့ကစားသမားသက်တမ်းတစ်လျှောက် ရရှိခဲ့တဲ့ ဘော်လွန်းဒီအော် ဆု ၅ ဆုထဲက ပုံစံတူ ၁ ဆုကို ၂၀၁၇ ခုနှစ်က ရောင်းချဖို့ ရွေးချယ်ခဲ့ပါတယ်။
Photo : SFGATE
ပုံမှန်အားဖြင့် ဘော်လွန်းဒီအော်ဆုရရှိတဲ့ ထူးချွန်ကစားသမားတွေဟာ ပုံစံတူဆုဖလားကို သူတို့ကစားနေတဲ့ ကလပ်အသင်းထံ လွှဲပြောင်းပေးကြရလေ့ ရှိပါတယ်။ သို့တည်းမဟုတ် သူ့ရဲ့ကိုယ်ပိုင်ဆုဖလား သိမ်းဆည်းရာနေရာ ဒါမှမဟုတ် ပြတိုက်ထဲမှာ ပြသထားလေ့ရှိပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ သူ့ရဲ့ ၂၀၁၃ ခုနှစ်က ရရှိခဲ့တဲ့ ဘော်လွန်းဒီအော်ဆုကို ပရဟိတအဖွဲ့တစ်ခုထံ လှူဒါန်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ မက်ကာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဘော်လွန်းဒီအော်ဆုကို လေလံတင်ရောင်းချမှုကနေ ရရှိတဲ့ ငွေကြေးအားလုံးကို နာမကျန်းကလေးငယ်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ Make-A-Wish ပရဟိတအဖွဲ့ထံလှူဒါန်းမှာ ဖြစ်ပါတယ်။ အဆိုပါ လေလံပွဲကိုတော့ လန်ဒန်မှာ ကျင်းပခဲ့ပြီး အစ္စရေးရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် အိုင်ဒန်အိုဖာက ယူရို ၆ သိန်းနဲ့ လေလံအောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ လေလံအောင်ခဲ့တဲ့ ဘော်လွန်းဒီအော်ဆုနဲ့အတူ ရော်နယ်ဒိုရဲ့အေးဂျင့် မန်ဒက်စ်တို့နဲ့အတူတွဲကာ ဓာတ်ပုံရိုက်ခဲ့ပါတယ်။
Photo : Bleacher Report
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက ရီးရဲလ်ဂန္တဝင်ကစားသမားကြီး ဒီစတီဖာနိုကလည်း သူ့ရဲ့ ဘော်လွန်းဒီအော်ဆုဖလားအပါအဝင် ကစားသမားဘဝ အမှတ်တရပစ္စည်းတွေကို လေလံတင် ရောင်းချခဲ့ဖူးပြီး ၁၉၅၇ ခုနှစ်က ရရှိခဲ့တဲ့ ဘော်လွန်းဒီအော်ဆုကို ပေါင် ၆၀၈၀၀ ၊ ၂ နှစ်အကြာမှာ ရရှိခဲ့တဲ့ ဒုတိယမြောက် ဘော်လွန်းဒီအော်ဆုကို ပေါင် ၅၄၄၀၀ ရောင်းချခဲ့ပါတယ်။ ဒါ့အပြင် ဒီစတီဖာနိုရရှိခဲ့တဲ့ တစ်ခုတည်းသော စူပါဘော်လွန်းဒီအော်ဆုကိုပေါင် ၁၈၇၅၀၀ နဲ့ လေလံတင် ရောင်းချခဲ့ပါသေးတယ်။
ဒါပေမယ့် ရော်နယ်ဒိုရဲ့ ဘော်လွန်းဒီအော်ဆုကတော့ ယူရို ၆ သိန်းအထိ ရရှိခဲ့တဲ့အတွက် ဘော်လွန်းဒီအော်ဆု လေလံရောင်းချမှုမှာ အများဆုံးလို့ ပြောရမှာပဲ ဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒို ရဲ့နောက်ဆုံး ဘော်လွန်းဒီအော်ဆုကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ရရှိခဲ့တာဖြစ်ပြီး ရော်နယ်ဒိုရဲ့ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီက ဘော်လွန်းဒီအော် ၇ ဆုနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။ သို့ပေမယ့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကတော့ နိုင်ငံတကာပြန်လည်အကဲဖြတ်မှုတွေ ပြုလုပ်ခဲ့ပြီး ကွယ်လွန်ခဲ့ပြီးဖြစ်တဲ့ ဘရာဇီးဂန္တဝင်ပီလီဟာ မက်ဆီနဲ့ ဘော်လွန်းဒီအော်ဆုရရှိတဲ့ အကြိမ်အရေ တူညီတယ်လို့ သတ်မှတ်ခဲ့ပါတယ်။
Photo : BeSoccer
ပီလီဟာ ကမ္ဘာ့ဖလား ၃ ကြိမ် ဆွတ်ခူးခဲ့ပေမယ့် ဥရောပမှာ တစ်ကြိမ်မှ မကစားဖူးတာကြောင့် အဆိုပါဆုနဲ့လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဘရားဇီးဂန္တဝင်ပီလီဟာ အမေရိကန်ကလပ်အသင်းကို မပြောင်းခင်အထိ သူရဲ့ကစားသမားဘဝအများစုကို ဆန်းတို့စ်အသင်းမှာပဲ ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။
Featured Photo : SPORTbible