ကွီးတို့ရေ စိတ်ကူးယဉ်ဇာတ်လမ်းများနှင့် စူပါဟီးရိုးဇာတ်လမ်းများအပြင် သဘာဝ ဘေးအန္တရာယ် ရုပ်ရှင်များ ကလည်း ရုပ်ရှင်လောကမှာ နေရာတစ်နေရာ ယူထားပြီး လူကြိုက်များတဲ့ ရုပ်ရှင် အမျိုးအစားလည်း ဖြစ်ပါတယ်။ သဘာဝတရားကြီးက လူသားများအတွက် တကယ်ကို အဖိုးထိုက်တဲ့ ရတနာတစ်ခုပါ။ ထိုသဘာဝတရားကို ယိုယွင်းပျက်စီးအောင် လုပ်မိတာလည်း လူသားတွေပါပဲ။ ရာသီဥတုတွေ ၊ ပင်လယ်ကြီးတွေ စတဲ့ သဘာဝတရားတွေ ဖောက်လွဲ ဖောက်ပြန် ဖြစ်လာတဲ့အခါမှာ လူသားတို့ အနေနဲ့ တားဆီးနိုင်ဖို့ ဆိုတာမလွယ်ကူပါဘူး။
ထိုအကြောင်းတွေကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေဟာလည်း ကြည့်ရှုသူများအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသည်သာမက ကျွန်တော်တို့အတွက် အမှန်တကယ် ဖြစ်ပေါ်လာနိုင်သည့် ကြောက်ရွံ့မှုကိုလည်း တစ်ပြိုင်နက် ခံစားရစေပါတယ်။ သဘာဝဘေးအန္တရာယ် ရုပ်ရှင်များက လက်တွေ့ဘဝတွင် ဖြစ်ပေါ်လာနိုင်သော ကပ်ဆိုးများကို သရုပ်ဖော်ထားသည့် ဆွဲဆောင်မှုရှိသော ရုပ်ရှင်များပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ အားလပ်ရက်မှာ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှု့ရမဲ့ ထွက်ရှိပြီးသား သဘာဝ ဘေးအန္တရာယ် ရုပ်ရှင်များ ကိုဖော်ပြပေးချင်ပါတယ်။
(၁) San Andreas
Source : Rotten Tomoto Trailers
ကွီးတို့ ကြည့်ရှုဖို့ ပထမဆုံးဖော်ပြချင်တဲ့ သဘာဝ ဘေးအန္တရာယ် ရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ San Andreas ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ San Andreas က ငလျင်ကို ဗဟိုပြုသည့် သဘာဝဘေးအန္တရာယ် ရုပ်ရှင် ဖြစ်ပါတယ်။ Dwayne “The Rock” Johnson က LA နှင့် ဆန်ဖရန်စစ္စကိုတွင် ငလျင်ကြီးများ ဆက်တိုက်လှုပ်ခတ်သောအခါတွင် ၎င်းရဲ့ကွဲကွာနေသောဇနီး ကို ကယ်တင်ခဲ့သည့် LA မီးသတ်ဌာန ရဟတ်ယာဉ်မှူးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ထို့နောက် ၎င်းတို့ဇနီးမောင်နှံ နှစ်ဦးက ပရမ်းပတာများကြားတွင် ၎င်းတို့ရဲ့ သမီလေးကို ရှာဖွေကယ်ထုတ်ပုံကို အရည်အသွေးမြင့် CGI သရုပ်ဖော်မှု တွေနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။
(၂) The Day After Tomorrow
Source : TrailerPlaygroundHD
ဒီရုပ်ရှင်ဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ရာသီဥတုဖြစ်စဉ်များကို သရုပ်ဖော်ထားပါတယ်။ The Day After Tomorrow ဟာ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့ပေမဲ့ ဒီနေ့အထိ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ရာသီဥတု ပြောင်းလဲမှုဟာ လူသားတွေ အတွက် ဘယ်လောက် ကြောက်မက်ဖွယ်ကောင်းကြောင်း တွေ့ရှိရမှာပါ။ ပိတ်ရက်မှာ ဘာကားကြည့်ရမလဲ ရွေးချယ်နေတဲ့ ကွီးတို့အတွက် စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။
(၃) The Perfect Storm
Source : Rotten Tomato Classic Trailers
ဒီဇာတ်ကားဟာ စာအုပ်ကို အခြေခံထားပြီး ရိုက်ကူးထားသော ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်တွင် ပင်လယ်ပြင်တွင် ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းမိခဲ့သော ငါးဖမ်းသင်္ဘော Andrea Gail ၏ ရင်နင့်ဖွယ်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ အမှန်တကယ်တော့ ငါးဖမ်းသင်္ဘော Andrea Gail ရဲ့ နောက်ဆုံးရေဒီယိုဆက်သွယ်မှုအပြီးတွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည်ကို မည်သူမျှမရှိခဲ့ပါဘူး။ ဒါကြောင့် လှေပေါ်ရှိ မြင်ကွင်းအများစုကို စိတ်ကူးယဉ်ပုံဖော် ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
(၄) Volcano
Source : Movieclips
Volcano သည် ၁၉၉၇ ခုနှစ်တွင် ထွက်ရှိခဲ့တဲ့ အမေရိကန် သဘာဝဘေးအန္တရာယ် ဇာတ်ကားဖြစ်ပါတယ်။ မီးတောင်ပေါက်ကွဲမှုအပြီး လော့စ်အိန်ဂျလိစ်မြို့ရဲ့ လမ်းတွေပေါ်မှာ အန္တရာယ်ရှိတဲ့ ချော်ရည်စီးဆင်းမှု လမ်းကြောင်းကို လမ်းကြောင်းပြောင်းဖို့ ကြိုးစားတဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ ရုပ်ရှင်ဖြစ်လို့ မကြည့်ရသေးရင် တစ်ခါလောက်တော့ ကြည့်သင့်ပါတယ်။
(၅) The Wave
Source : Magnolia Pictures & Magnet Releasing
ဒီဇာတ်ကားဟာ လှိုင်းလုံးကြီး တစ်ခုထဲသို့ တောင်ပြိုကျပြီးနောက် ရေအောက်ဟိုတယ်တစ်ခုတွင် ပိတ်မိနေသော မိသားစုတစ်စုအကြောင်း ရိုက်ကူးထားသော နော်ဝေဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကလည်း စိတ်လှုပ်ရှားဖို့ ကောင်းတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ခုပါပဲ။
(၆) 2012
Source : Rotten Tomato Classic Trailers
သဘာဝ ဘေးအန္တရာယ် ရုပ်ရှင်များကိုဖော်ပြရမှာ 2012 ကလည်း ချန်ထားလို့ မရတဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ မာယာပြက္ခဒိန်အရ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှာ ကမ္ဘာကြီးဟာ ကုန်ဆုံးသွားတော့မဲ့ အကြောင်းကို ဒါရိုက်တာ Roland Emmerich က 2012 အမည်ဖြင့် ရိုက်ကူးခဲ့ပါတယ်။ ဒီကားက အတော်လေး အောင်မြင်ခဲ့တဲ့ ကားဖြစ်တဲ့ အတွက် ကွီးတို့ကြည့်ပြီးသား ဖြစ်မှာပါ။ ပိတ်ရက်မှာ ပြန်ကြည့်ချင်တဲ့ ကွီးတို့အတွက်ည်း လုံးဝမရိုးစေတဲ့ ဇာတ်ကားကောင်း တစ်ခုပါ။
Source : Movieweb, Esquire
Featured Photo :IMDb, JBlo, IMDb