အင်တာ မိုင်ယာမီအသင်းဆီ ရောက်ရှိသွားတဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ GOAT ကြီး လီယွန်နယ် မက်ဆီ က အခုဆိုရင် မိုင်ယာမီအသင်းကို လိဂ်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိ ပို့ဆောင်ထားပေးပြီး မနက်ဖြန်မှာပဲ နက်ရှ်ဗယ်အသင်းနဲ့ ယှဉ်ပြိုင်ရပါတော့မယ်။ ဒီနေ့တော့ အဲ့ဒီပွဲအကြောင်းထက် မက်ဆီရဲ့ ဂိုးသွင်းပြီး အောင်ပွဲခံမှုတွေအကြောင်းကို တင်ဆက်သွားချင်တာပါ။
Photo Credit : News 18
မက်ဆီက မိုင်ယာမီ နဲ့ အတ္တလန်တာအသင်းတို့ ရင်ဆိုင်ခဲ့တဲ့ လိဂ်ဖလား ပွဲစဉ်အတွင်း ဂိုးသွင်းယူပြီးနောက်မှာ Marvel ထဲက Thor နတ်ဘုရား သူရဲ့ မိုးကြိုးတူကို လှမ်းဖမ်းယူနေတဲ့ ပုံစံမျိုးနဲ့ အောင်ပွဲခံခဲ့သလို အော်လန်ဒိုနဲ့ ပွဲစဉ်မှာလည်း ဂိုးသွင်းယူပြီးချိန် Marvel ရဲ့ Superhero တစ်ဦးဖြစ်သူ Black Panther ရဲ့ Wakanda Forever သင်္ကေတအတိုင်းနဲ့ အောင်ပွဲခံလိုက်ပြန်ပါတယ်။ ဒါကြောင့်ပဲ နောက်ပွဲတွေမှာ မက်ဆီ ဂိုးသွင်းပြီးရင် ဘယ် Superheros တွေရဲ့ ပုံစံအတိုင်း အောင်ပွဲခံဦးမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ မက်ဆီဟာ Charlotte အသင်းနဲ့ ပွဲစဉ်မှာလည်း Spideman ပင့်ကူမျှင် ပစ်နေတဲ့ ပုံစံအတိုင်းနဲ့ ထပ်မံ အောင်ပွဲခံလာခဲ့ပြန်ပါတယ်။
Photo Credit : Mashable India
ဒါကြောင့် လူအများက မက်ဆီ ကို Marvel Fan များလားဆိုပြီး ထင်လာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Thor , Black Panther , Spiderman တို့ အားလုံးက Marvel ရဲ့ Superhero တွေ ဖြစ်နေတာကြောင့်ပါ။ ဒါပေမယ့် မက်ဆီက သူ အခုလို အောင်ပွဲခံရတာဟာ သူ့သား (၃)ယောက်အတွက်ကြောင့်သာ ဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ “ကျွန်တော့် ကလေး (၃)ယောက်က ကျောင်းမတတ်ရသေးပဲ အားလပ်ရက်မှာသာ ရှိနေသေးတာမို့ ကျွန်တော်တို့ ညတိုင်း စူပါဟီရိုး ရုပ်ရှင်တွေကို အတူ ကြည့်ဖြစ်ကြတယ်။ သူတို့က အကြံတစ်ခု ရလာပြီးတော့ ကျွန်တော့်ကို ပြောတယ်။ ပွဲတွေမှာ ဂိုးသွင်းယူပြီးတိုင်း စူပါဟီရိုး ဇာတ်ကောင်တစ်ခုလို ပုံစံမျိုးနဲ့ အောင်ပွဲခံဖို့ ပြောလာတယ်။”
Photo Credit : New York Post
“ဒါပေမယ့် ကျွန်တော်က ဒီလို အောင်ပွဲခံတာတွေကို အိမ်ကွင်းပွဲတွေအတွက်ပဲ လုပ်တာပါ။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက အနီးမှာ ရှိနေတဲ့အခါ ဒီအခိုက်အတန့်လေးကို သူတို့လေးနဲ့အတူ မျှဝေ ခံစားနိုင်အောင်လို့ပါ။” လို့ မက်ဆီ က ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိမှာ အင်တာ မိုင်ယာမီအသင်းအတွက် (၆)ပွဲ ပါဝင်ကစားထားပြီးပြီ ဖြစ်ပြီး အဲ့ (၆)ပွဲဆက်တိုက်လုံး ဂိုးတွေ သွင်းယူထားရာ အခုဆို (၉)ဂိုးအထိတောင် ရှိနေပြီ ဖြစ်သလို ၂၀၂၃ လိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်သွားနိုင်တော့မှာ ဖြစ်ပါတယ်။