မန်စီးတီးအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေ ကင်းထောက်အဖွဲ့တွေနဲ့ ကစားသမားသစ် စုဆောင်းရေးအဖွဲ့တွေ လှုပ်ရှားမှုတွေက တကယ့်ကို တခြားသော အသင်းတွေအတွက် အားရစရာကောင်းပါတယ်။ အခုဆိုရင် မန်စီးတီးက ပြီးခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲထဲ အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့ရင်း မက်ဆီလက်သစ် ကစားသမားလေးလို့ပါ တင်စားခေါ်ဆိုခံရသူ ကြယ်ပွင့်လေးကိုပါ ထပ်မံ ပိုင်ဆိုင်ရဖို့ အခြေအနေ အတော်လေးကောင်းလာခဲ့ပါပြီ။
Photo Credit : TEAMtalk
အသက် (၁၇)နှစ်သာ ရှိနေသေးတဲ့ ရေးဗားပလိတ် ကွင်းလယ်တိုက်စစ် ကစားသမားလေး ကလော်ဒီယို အယ်ချီဗယ်ရီဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ထဲ ဘရာဇီးလ် ယူ-၁၇အသင်းဘက်ကို ဟက်ထရစ် သွင်းယူခဲ့ပြီးနောက် အတော်လေး နာမည်ကြီးလာခဲ့ရပါတယ်။ မက်ဆီလက်သစ်လေးဆိုတဲ့ နာမည်ပြောင်ပါ ရရှိလာခဲ့တဲ့ အယ်ချီဗယ်ရီကို ဥရောပ ထိပ်တန်း ကလပ်အသင်းတွေကနေ အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ပြီး မန်စီးတီး ချယ်လ်ဆီး နဲ့ ဘာစီလိုနာအသင်းတို့က အပြိုင် ကြိုးပမ်းလာခဲ့ပါတယ်။
Photo Credit : Youtube
ကနဦးပိုင်းကတော့ ဘာစီလိုနာအသင်းက အယ်ချီဗယ်ရီကို နူးကမ့်ဆီ ခေါ်ဆောင်ဖို့ စတင် လုပ်ဆောင်လာခဲ့ပေမယ့် အယ်ချီဗယ်ရီအတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးကို တစ်ခါတည်း အပြီးသတ် ပေးချေဖို့ထက် အရစ်ကျနဲ့သာ ပေးချေသွားမယ်ဆိုပြီး ကမ်းလှမ်းရာ ဒါကို ရေးဗားပလိတ်ဘက်က ပယ်ချခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်ကတော့ လီယွန်နယ် မက်ဆီရဲ့ အမာခံ ပရိသတ်ဖြစ်တဲ့အပြင် မက်ဆီကြောင့် ဘာစီလိုနာပွဲတွေ ကြည့်ရှုရင်း ဘာစီလိုနာကိုပါ သဘောကျသွားခဲ့လို့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေတာလည်း ဖြစ်ပါတယ်။
Photo Credit : cedena SER
ဒါပေမယ့် ဘာစီလိုနာက အပြောင်းအရွှေ့ကိစ္စမှာ အဆင်မပြေ ဖြစ်သွားချိန် မန်စီးတီးက အလျင်အမြန် လှုပ်ရှားခဲ့ပြီး အခုဆိုရင် အယ်ချီဗယ်ရီလေးဟာ မန်ချက်စတာဆီ ခရီးနှင်လာဖို့ အလွန် နီးစပ်လာခဲ့ရပြီ ဖြစ်ပါတယ်။ မန်စီးတီးကလည်း အာဂျင်တီးနား ကစားသမားတွေဖြစ်တဲ့ အဂွဲရိုး တဲလ်ဗက်စ် အော်တာမန်ဒီ ဇာဘလက်တာ အယ်လ်ဗာရက်ဇ်တို့နဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ဖူးတဲ့ အစဉ်အလာတွေ ရှိတာဖြစ်လို့ အယ်ချီဗယ်ရီလည်း ဒီကစားသမားကြီးတွေရဲ့ လမ်းစဉ်အတိုင်း မန်စီးတီးအသင်းဆီ လာရောက် ပူးပေါင်းဖို့ ရှိနေပါတယ်။
Featured Photo : TNT Sports