ရီးယဲလ် မက်ဒရစ် ကြယ်ပွင့်ဟောင်းကြီး ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကတော့ ဒီရက်ပိုင်းမှာပဲ အိုလံပီယာကော့စ်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်တာကြောင့် အခုဆိုရင် free agent player အသင်းလက်မဲ့ ကစားသမားတစ်ဦး ဖြစ်သွားခဲ့ရပါတယ်။

james porto

Photo Credit : Sky Sports

လက်ရှိမှာ အသက်(၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကိုလံဘီယာ လက်ရွေးစင် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမား ဂျိမ်းစ် ဟာ ၂၀၀၆ခုနှစ်မှာပဲ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း ၂၀၁၀မှာတော့ ပေါ်တိုအသင်းဆီ ရောက်ရှိသွားပါတယ်။ ဂျိမ်းစ်ဟာ ပေါ်တိုမှာ (၃)ရာသီ ကျင်လည်ခဲ့ပြီးနောက် သူ့ကို မိုနာကိုအသင်းက ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူခဲ့ပေမယ့် ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ အလွန် ထွန်းတောက်နိုင်ခဲ့တာကြောင့် ဂျိမ်းစ်ကို ရီးယဲလ်အသင်း ထပ်မံ ခေါ်ယူခဲ့ပြန်ပါတယ်။

james real

Photo Credit : BeSoccer

ရီးယဲလ် ကစားသမားဘဝ ပထမဆုံးရာသီမှာ ပြိုင်ပွဲစုံ (၁၇)ဂိုး သွင်းယူပြီး တာထွက်ကောင်းခဲ့ရပေမယ့်လည်း နောက်ပိုင်းနှစ်တွေအတွင်း ဒဏ်ရာ ပြသာနာတွေနဲ့ ရင်ဆိုင်ခဲ့ရရင်း သူရဲ့ခြေစွမ်းပိုင်းတွေ ကျဆင်းလာခဲ့သလို ပွဲကစားခွင့်တွေလည်း နည်းပါးလာခဲ့ရပါတယ်။ ဒီလို form အောက်လာတဲ့ ဂျိမ်းစ်ကို ဘိုင်ယန်ဆီ (၂)ရာသီ အငှားချခဲ့ရာ ဘိုင်ယန်နဲ့လည်း အပြီးသတ် စာချုပ်ခြင်း မရှိခဲ့ပဲ အဲဗာတန်ဆီသာ free transfer နဲ့ ရောက်သွားခဲ့ရ ပြန်ပါတယ်။

james everton

Photo Credit : Eurosport

အဲ့တုန်းက အဲဗာတန်ကို နည်းပြနေတဲ့ အန်စလော့တီက သူ့တပည့်ဟောင်း ဂျိမ်းစ်နဲ့ ပြန်လည် လက်တွဲဖို့ အသင်းကို ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် အသင်းနဲ့ တစ်ရာသီ ဖြတ်သန်းအပြီးမှာ ကာတာကလပ် Al-Rayyan အသင်းဆီ ထပ်ပြီး ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ အဲ့ဒီအသင်းနဲ့လည်း ကာလတိုသာ လက်တွဲဖြစ်ပြီး ချက်ချင်းဆိုသလိုပဲ အသင်းဖော်ဟောင်း မာဆယ်လို ရှိရာ အိုလံပီယာကော့စ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီအသင်းမှာလည်း အချိန်ခဏလောက်သာ ပါဝင်ခဲ့ရပြီး အခုတော့ အသင်းနဲ့ပါ ထပ်မံ လက်တွဲဖြုတ်ခဲ့လို့ free agent ပါ ဖြစ်သွားခဲ့ရပါတယ်။

james wc 2014

Photo Credit : Youtube

တကယ်တော့ ဂျိမ်းစ် ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကိုလံဘီယာအသင်းအတွက် ပါဝင်ခဲ့ရင်း ပြိုင်ပွဲတစ်လျှောက် (၆)ဂိုး သွင်းယူရင်း ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ရသလို ဥရုဂွေးအသင်းနဲ့ ရင်ဆိုင်ခဲ့စဉ်တုန်းက သူ သွင်းယူခဲ့တဲ့ volley ကန်ချက်ဟာဆိုရင်လည်း အဲ့ဒီနှစ်ရဲ့ ဖီဖာ အကောင်းဆုံး သွင်းဂိုးဆုအဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။ နောက်ပြီး ချက်ချင်းပဲ ရီးယဲလ်က သူ့ကို ခေါ်ယူခဲ့တယ်။ အဲ့ဒီ အခိုက်အတန့်ကတော့ သူ့ကစားသမားဘဝရဲ့ အကောင်းဆုံး moment လေးတစ်ခု ဖြစ်နေမှာ အသေအချာပါပဲ။

Featured Photo : The Real Champs