ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လာချင်တယ်လို့ လေသံပစ်ထားပြီး သူ ကိုင်တွယ်ချင်တဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းက မန်ချက်စတာ ယူနိုက်တက်လို့ သတင်းထွက်ထားတဲ့ သောမတ်စ် တူဟယ်လ် က အခုတော့ မန်ယူအပါအဝင် ဘယ်ကလပ်အသင်းကိုမှ ကိုင်တွယ်ဖို့ အစီအစဉ် မရှိတော့ပဲ ဒီနွေမှာ အနားယူသွားဖို့သာ စီစဉ်ထားတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
Photo Credit: talkSPORT
ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ တူဟယ်လ် ဟာ ချယ်လ်ဆီးကို ချန်ပီယံလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် အသင်းပိုင်ရှင် တော့ဒ်ဘိုလေတို့နဲ့ အဆင်မပြေ ဖြစ်ရာကနေ အသင်းက ထွက်ခွာခဲ့ရပါတယ်။ အဲ့ဒီကနေ ဘိုင်ယန်နည်းပြ ဖြစ်လာတော့လည်း ဘိုင်ယန်အတွက် မယ်မယ်ရရ အောင်မြင်မှုတွေ ရယူပေးနိုင်ခြင်း မရှိပဲ ဒီရာသီမှာဆိုရင် ဆုဖလားလက်မဲ့ ဘောလုံးရာသီပါ ဖြစ်ခဲ့ရပြီး အသင်းနဲ့ နှစ်ဦးသဘောတူ လက်တွဲဖြုတ်ဖြစ်ခဲ့ပါသေးတယ်။ အခုဆိုရင်တော့ တူဟယ်လ်က အသင်းလက်မဲ့ ဖြစ်သွားရပြီး မန်ယူအသင်းနဲ့လည်း ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်နေခဲ့ပါတယ်။
Photo Credit: Reuters
တကယ်တော့ မန်ယူက ဒီရာသီထဲမှာ အက်ဖ်အေဖလား ရလိုက်တယ် ဆိုပေမယ့်လည်း ချန်ပီယံလိဂ်မှာ ဇယားအောက်ဆုံးပဲ ရခဲ့လို့ အုပ်စုအဆင့်ကနေ လှည့်ပြန်ထားခဲ့ရသလို လိဂ်ဖလားမှာလည်း ငှက်ကျားတွေရဲ့ ဂိုးပြတ် ရှုံးကြွေးဆပ်တာကို ခံလိုက်ရလို့ စောစောစီးစီး ပြုတ်ခဲ့ရပါသေးတယ်။ ပရီးမီးယားလိဂ်မှာလည်း အဆင့်(၈)နေရာသာ ရပ်တည်နိုင်ခဲ့လို့ ဥရောပဝင်ခွင့်တွေနဲ့ လွဲချော်ရမလိုတောင် ဖြစ်ခဲ့ရသေးပေမယ့် အက်ဖ်အေဖလား ရလိုက်လို့ ယူရိုပါလိဂ်တော့ ဝင်ခွင့်ရသွားခဲ့တာ ဖြစ်ပါတယ်။
Photo Credit: Football365
ဒါ့အပြင် မန်ယူက ဒီရာသီအတွင်းမှာပဲ အသင်းရဲ့ ရှယ်ယာ (၂၅)%ကို ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS တို့က ဝယ်ယူခဲ့ပြီး INEOS က မန်ယူအသင်းရဲ့ အားကစားပိုင်းကို အဓိက တာဝန်ယူ ဆောင်ရွှက်မယ့် ပူးတွဲပိုင်ရှင်တွေ ဖြစ်လာခဲ့ပါတယ်။ နောက်ပြီး INEOS တို့ စ ရောက်လာကတည်းက တန်ဟက်ဂ်ရဲ့ အနာဂတ် အခြေအနေတွေ စတင် လှုပ်ခတ်လာခဲ့ပြီး အက်ဖ်အေဖလား ဖိုင်နယ်ပွဲနေ့အထိပါ ဖိုင်နယ်ပွဲပြီးတာနဲ့ တန်ဟက်ဂ်ကို ထုတ်ပယ်တော့မယ်ဆိုတဲ့ သတင်းတွေ တောက်လျှောက်ထွက်ပေါ်ခဲ့ပါတယ်။
Photo Credit: CGTN
INEOS တို့ အလိုရှိတဲ့ နည်းပြတွေထဲမှာ ဆောက်ဂိတ် တူဟယ်လ် ပိုချက်တီနိုတို့ ပါဝင်နေပြီး တူဟယ်လ်၊ ပိုချက်တီနိုတို့ပါ တွေ့ဆုံ ဆွေးနွေးထားသလို တူဟယ်လ်နဲ့တော့ အကြိမ်ပေါင်းများစွာ ဆွေးနွေးဖြစ်ခဲ့ ပါသေးတယ်။ ဒါပေမယ့် တူဟယ်လ်ကတော့ ဒီလို ဆွေးနွေးမှုတွေကို ဆက်မလုပ်ချင်တော့ပဲ အနားယူသွားဖို့ကိုသာ ဆုံးဖြတ်လိုက်တဲ့အတွက် မန်ယူအနေနဲ့ တန်ဟက်ဂ်ကို ဆက်ထားသွားမလား ဒါမှမဟုတ် တခြားနည်းပြတစ်ဦးကိုပဲ ထပ်မံ ကြိုးပမ်းသွားမလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။
Featured Photo: Goal