ကွီးတို့နေထိုင်တဲ့ ပတ်ဝန်းကျင် အနေအထားဟာ ကွီးတို့ရဲ့ စိတ်အပေါ်အများကြီး လွှမ်းမိုးမှုရှိပါတယ်။ ဥပမာ အားဖြင့် ကွီးတို့ အလုပ်လုပ်တဲ့ အလုပ်စားပွဲက စာရွက်စာတမ်းတွေနဲ့ ရှုပ်ပွနေရင် အလုပ်လုပ်တဲ့အခါ စိတ်တွေ ရှုပ်ထွေးပြီး အလုပ်အပေါ် အာရုံကောင်းကောင်း စိုက်မရတာမျိုး ဖြစ်တက်ပါတယ်။ ဒီလိုပါပဲ ကွီးတို့နေထိုင်တဲ့ နေအိမ်အခန်းလေးကလည်း ပစ္စည်းကိရိယာတွေနဲ့ ရှုပ်ထွေးပြီး အစီအစဉ်တကျ မရှိရင် ကြည့်ရတာကိုက စိတ်ရှုပ်ထွေးစရာဖြစ်နေပြီး မလန်းမဆန်း ဖြစ်စေနိုင်ပါတယ်။ ဒီလို ရှုပ်ပွနေတဲ့ အိမ်ခန်းကို ရှင်းလင်းဖို့အတွက် ကွီးတို့ အချိန်အများကြီး ပေးစရာမလိုပါဘူး။ သန့်ရှင်းသပ်ရပ်ပြီး နေချင်စဖွယ်အိမ်ခန်းလေးဖြစ်ဖို့ အချိန် မိနစ် ၃၀ အတွင်း ရှင်းလင်းနိုင်မယ့် အိမ်ရှင်းနည်းလေးကို ပြောပြပေးချင်ပါတယ်။
(၁) မီးဖိုချောင်က စရှင်းပါ
Photo : Homes & Gardens
အိမ်တစ်အိမ်မှာ ရှုပ်ပွဖို့ အလွယ်ဆုံးနေရာက မီးဖိုချောင်ပါပဲ။ မီးဖိုချောင်လေး သန့်ရှင်းသပ်ရပ်နေခြင်းက အိမ်ရဲ့ကျက်သရေကို တိုးစေပါတယ်။ ဒါကြောင့် အိမ်ရှင်းမယ်ဆိုရင် မီးဖိုချောင်ကနေ စပြီး ရှင်းလင်းပါ။ အိုးခွက်ပန်းကန် ခွက်ယောက်တွေ သေချာဆေးကြောသန့်စင်ပါ။ ဘေစင်ကို ညစ်ပတ်မနေစေပဲ သေချာဆေးကြောပါ။ မီးဖိုချောင်အတွက်အချိန် ၁၀ မိနစ် လောက်ပေးပြီး သန့်ရှင်းရေး လုပ်နိုင်ပါတယ်။
(၂) ရေချိုးခန်းနဲ့ အိမ်သာကို ဆေးကြောပါ
Photo : Forbes
မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးတာနဲ့ တစ်လက်စတည်း အိမ်သာနဲ့ ရေချိုးခန်းကိုပါ ဆက်ပြီး သန့်ရှင်းရေးလုပ်ပါ။ အိမ်သာနဲ့ ရေချိုးခန်း ကြမ်းပြင်တွေမှာ ရေညှိတွေတက်နေလား ၊ ညစ်ပတ်နေလား သေချာစစ်ဆေးပြီး ဆေးကြောသန့်ရှင်း ပေးရမှာ ဖြစ်ပါတယ်။ ရေချိုးခန်းနဲ့ အိမ်သာအတွက်ကို အချိန် ၅ မိနစ် လောက်ပေးပြီး ဆေးကြောသန့်စင်ပေးရင် လုံလောက်ပါပြီ။
(၃) အိပ်ခန်းကို သန့်ရှင်းပါ
Photo : The Everygirl
ကွီးတို့ရဲ့ အိပ်ခန်းလေးက သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လေး ဖြစ်နေမှလည်း ညဘက်တွေမှာ ကောင်းစွာအိပ်ပျော်ပြီး အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွစွာ နိုးထနိုင်မှာပါ။ ဒါကြောင့် အိပ်ခန်းကို လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းကောင်းရဖို့ တံခါးတွေဖွင့်ထားလိုက်ပါ။ စောင်တွေ ၊ အိပ်ရာခန်းတွေကို ဖုန်နဲ့ အမှုန်အမွှားတွေ မရှိစေဖို့ သေချာ ခါပြီး သန့်ရှင်းရေးလုပ်ပါ။ ခေါင်းအုံစွတ်တွေ ၊ အိပ်ရာခင်းတွေကို အနည်းဆုံး ၂ ပတ်တစ်ခါ လျှော်ဖွတ်သန့်စင်ပေးဖို့ လိုပါတယ်။ အိပ်ခန်းကို အချိန် ၅ မိနစ် အတွင်း သန့်ရှင်းရေးလုပ်ပါ။
(၄) ဧည့်ခန်းကို ရှင်းလင်းပါ
Photo :Elpis Interior Design
နောက်ဆုံးအနေနဲ့တော့ အိမ်ရဲ့ အဓိက ကျက်သရေဆောင်ဖြစ်တဲ့ ဧည့်ခန်းကို သေချာလေး သန့်ရှင်းရေး လုပ်ဖို့လိုပါတယ်။ ဧည့်ခန်း ကြမ်းပြင်တွေမှာ ဖုန်တွေနဲ့ အညစ်အကြေးတွေ မရှိအောင် လှည်းကျင်းသန့်ရှင်းပါ။ ပရိဘောဂနဲ့ အသုံးအဆောင်ပစ္စည်းတွေကို နေရာတကျ ထားရှိပါ။ ဖုန်တက်လွယ်တဲ့ အိမ်သုံးပစ္စည်းတွေနဲ့ ပြတင်းပေါက်တံခါးတွေကို အဝတ်စနဲ့ သေချာဖုန်ခါပြီး သန့်ရှင်းပါ။ ဧည့်ခန်းအတွက် အချိန် ၁၀ မိနစ် လောက်ပေးပြီး သန့်ရှင်းရေး လုပ်နိုင်ပါတယ်။ အချိန်ပိုပါက ဝရံတာနဲ့ လေသာဆောင်ကိုပါ ဖုန်နဲ့ အမှိုက်သရိုက် အညစ်အကြေးတွေ ရှိမရှိ စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပါ။
Featured Photo : MYMOVE