အာဆင်နယ်နောက်ခံလူ ပါဘလို မာရီ ဟာ မီလန် စူပါမားကတ်မှာ တုန်လှုပ်ချောက်ချားဖွယ် ဓားနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ၂ လနီးပါးခန့် အနားယူရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။
အဆိုပါ ဖြစ်ရပ်ဟာ ကြာသပတေးနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲ ဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားကိုင်ဆောင်ထားတဲ့ စိတ်ဝေဒနာရှင်လူတစ်ဦးက စီးရီးအေကလပ် မွန်ဇာမှာ အငှားကစားနေတဲ့ အသက် ၂၉ နှစ်အရွယ် ဗဟိုခံစစ်ကစားသမား မာရီ အပါအဝင် လူ ၅ ယောက်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
Photo : The Sun
မာရီဟာ ဓားနဲ့ တိုက်ခိုက်ခံခဲ့ရပြီးနောက်မှာ ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရပြီး ဒေသခံ မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ တိုက်ခိုက်ခံရသူတွေထဲက တစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ Gazzetta dello Sport ရဲ့သတင်းအရ မာရီဟာ သူ့ရဲ့ဇနီးနဲ့ သားဖြစ်သူတို့နဲ့အတူ ဈေးဝယ်ထွက်နေချိန်မှာ အခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး မာရီရှေ့မှာ လူ ၂ ယောက်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားတယ်လို့ ဆိုပါတယ်။
အသက် ၃၀ အရွယ် ဆိုင်ဝန်ထမ်းတစ်ဦးကတော့ ရင်ဘတ်နဲ့ ဝမ်းဗိုက်တွေမှာ ဓားနဲ့အထိုးခံရပြီးနောက် နှလုံးရပ်ကာ သေဆုံးခဲ့ကြောင်း အီတလီ သတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။
မာရီဟာ ဓားဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ကနဦးဆေးရုံမှာ ၂ ရက် သို့မဟုတ် ၃ ရက်ခန့် နေရမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့နောက်မှာတော့ နောက်ထပ် ၂ လခန့် အနားယူရဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။ မာရီဟာ ကျောဘက်ကြွက်သားဒဏ်ရာနှစ်ခုကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။
“ မာရီ ရခဲ့တဲ့ ကြွက်သားဒဏ်ရာ အမျိုးအစားက များသောအားဖြင့် ကိုယ်လက်လှုပ်ရှားမှုတွေ ပြန်လည်မလုပ်ဆောင်မီ ၂ လခန့်လောက် အနားယူဖို့ လိုအပ်ပါတယ်လို့ ” လို့ ခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့တဲ့ ဆရာဝန်ကြီးက ပြောကြားခဲ့ပါတယ်။
အဆိုပါ သွေးပျက်ခြောက်ခြားဖွယ် အဖြစ်အပျက်ကြောင့် မွန်ဇာရဲ့ ဒါရိုက်တာဖြစ်သူ ဂယ်လီယာနီက တနင်္လာနေ့ ဘိုလော့ဂ်နာနဲ့ ကစားမယ့် ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ စီးရီးအေကို တောင်းဆိုထားတယ်လို့ ပြောခဲ့ပါတယ်။
အီတလီ သတင်းတွေအရတော့ ပြစ်မှုကျူးလွန်ခဲ့တဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသား ကို ဖမ်းဆီးရမိထားကြောင်း သိရပါတယ်။
မာရီ ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းကနေ အာဆင်နယ်အသင်းကို အငှားနဲ့ရောက်ရှိလာခဲ့ပြီး နောက်နှစ်မှာ ပရီးမီးယားလိဂ်အသင်းကို အပြီးသတ်ပြောင်းရွှေ့ ခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်မရခဲ့ပဲ အသင်းအတွက် ၁၉ ပွဲသာ ပါဝင်ကစား ခွင့်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အူဒီးနီးစ်ကို အငှားနဲ့ရောက်ရှိခဲ့ပြီး လက်ရှိမှာတော့ မွန်ဇာမှာ အငှားကစားသမားအဖြစ်နဲ့ပဲ ပွဲပေါင်း ၈ ပွဲ ပါဝင်ကစားပေး ထားပါတယ်။
Featured Photo : The Irish Sun