အာဆင်နယ်အသင်းကတော့ ဒီရာသီအတွက် ကစားသမားသစ် (၂)ဦးကို ဖြည့်တင်းလိုက်ပြီပဲ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အီတလီ နောက်ခံကစားသမား ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူခဲ့သလို မနေ့ကပဲ စပိန် ကွင်းလယ်ကစားသမား မီခယ်လ် မော်ရီနို ကို ခေါ်ယူလိုက်ပြီး ဒီလို ကစားသမားသစ် (၂)ဦး ဖြည့်တင်းလိုက်မှုဟာ အာဆင်နယ်အတွက်တော့ အရမ်းကို အကျိုးရှိစေမှာ သေချာပါတယ်။
Photo Credit: Arsenal Insider
အခု အာဆင်နယ် ခေါ်ယူလိုက်တဲ့ ကစားသမား (၂)ဦးလုံးက ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ နာမည်ရခဲ့ကြတဲ့ ကစားသမားတွေဖြစ်ပြီး ကာလာဖီအိုရီဆိုရင်လည်း အီတလီနဲ့အတူ အုပ်စုပွဲ (၃)ပွဲတည်းသာ ကစားခဲ့ရပေမယ့် အီတလီအတွက် အထူးခြေစွမ်းပြနိုင်ခဲ့လို့ ယူရိုပြိုင်ပွဲ မပြီးခင်ကတည်းက နာမည်ကျော်နေရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘိုလော့ဂ်နာနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ထားခဲ့တာမို့ ကာလာဖီအိုရီကို ကလပ်အသင်းပေါင်း များစွာက စိတ်ဝင်စားခဲ့ရာကနေ နောက်ဆုံးမှာတော့ အာဆင်နယ်က ခေါ်ယူလိုက်နိုင်တာ ဖြစ်ပါတယ်။ သူ့ကိုတော့ အာဆင်နယ်က ဘယ်ခြမ်းခံစစ်မှာ အသုံးပြုသွားပါလိမ့်မယ်။
Photo Credit: Sky Sports
မနေ့ကမှ ခေါ်ယူလိုက်တဲ့ မော်ရီနို ကလည်း ယူရို-၂၀၂၄မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ စပိန်အသင်းနဲ့အတူ တောက်ပခဲ့သူ ဖြစ်ပါတယ်။ သူက စပိန်အတွက် ပွဲတိုင်း ကစားခွင့် မရခဲ့ပေမယ့် စပိန်နဲ့ ဂျာမနီတို့ရဲ့ ယူရို-၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ်မှာ အသင်းအတွက် အလွန် အရေးကြီးတဲ့ အချိန်ပို အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ သူရဲ့ ဂိုးကြောင့်ပဲ စပိန်က ဆီမီးထိ တက်လှမ်းနိုင်ပြီး အဲ့ဒီကနေ ဖိုင်နယ် နောက်ပြီး ချန်ပီယံပါ ဖြစ်ခဲ့ရပါတယ်။ ဒီကစားသမားကလည်း ဆိုစီဒက်နဲ့အတူ ချန်ပီယံလိဂ်မှာပါ ကစားခဲ့ဖူးသူဖြစ်ပြီးတော့ နယူးကာဆယ်နဲ့ပါ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးပါသေးတယ်။
Photo Credit: Arsenal FC’s X
အသက် (၂၈)နှစ်အရွယ် ရှိနေတဲ့ စပိန် ကွင်းလယ်လူ မော်ရီနို က အာဆင်နယ်ကို မရောက်ခင် နယူးကာဆယ်ဆီမှာ တစ်ရာသီ ကျင်လည်ခဲ့ပြီး ပရီးမီးယားလိဂ် (၂၄)ပွဲအထိ ကစားဖြစ်ခဲ့ပါတယ်။ အခုတော့ မော်ရီနိုဟာ ဂန်းနား တပ်သားအဖြစ်နဲ့ ပရီးမီးယားလိဂ်ဆီ ပြန်လည် ရောက်ရှိလာခဲ့ရပြီဖြစ်ပြီး နည်းပြ အာတီတာရဲ့လက်အောက်မှာ ဘယ်လောက်တောင် တောက်ပပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။
Featured Photo: dgmu & Arsenal’s X