လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲမှာ အရေးကြီးဆုံးတစ်ခုက မျက်စိပါပဲ။ မျက်စိ မကောင်းရင် နေရာတိုင်းမှာ ဒုက္ခများရပါတယ်။ မျက်စိအဆုံး နားအရှုံး ဆိုတဲ့ မျက်စိရဲ့အရေးပါပုံအကြောင်း သတိပေးညွှန်းဆိုထားတဲ့ စကားပုံလေးကိုလည်း ကြားဖူးကြမယ် ထင်ပါတယ်။ အသက်ရှိနေစဉ်ကာလပတ်လုံး အသုံးပြုရမယ့် မျက်စိနဲ့ အမြင်အာရုံ ကျန်းမာရေးကို အထူးဂရုစိုက်သင့်သလို မျက်စိ ရဲ့ အချက်ပြ လက္ခဏာတွေကိုလည်း အမြဲစောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။ အခုပြောပြပေးမှာကတော့ မျက်စိ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး သတိထားသင့်တဲ့ အချက်ပြ လက္ခဏာတွေ အကြောင်းဖြစ်ပါတယ်။

(၁) သွေးကြောများ အနီရောင်သမ်းခြင်း

Photo : webMD

မျက်လုံးထဲက သေးငယ်တဲ့ သွေးကြောမျှင်လေးတွေ အနီရောင်သမ်းနေခြင်းဟာ ပြင်းပြင်းထန်ထန် ထိခိုက်မိတာ သို့မဟုတ် ပိုးဝင်တာကြောင့် ဖြစ်ပါတယ်။ ဓာတ်မတည့်ခြင်း ဒါမှမဟုတ် မျက်စိခြောက်ခြင်းရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ တော်တော့်ကို အဖြစ်များပြီး ကုသမှုမခံယူဘဲ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ မျက်လုံးကို လက်နဲ့ ပွတ်တာ ၊ ကုတ်ဖဲ့တာမျိုးကိုတော့ အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။ အကယ်၍ မျက်စိနာတာ ၊ တစ်ရက်နှစ်ရက်အတွင်း မသက်သာပဲ အမြင်အာရုံဝေဝါးတာမျိုးတွေ ဖြစ်လာရင်တော့ နီးစပ်ရာ မျက်စိဆေးခန်းမှာ သွားရောက်စစ်ဆေး ကုသမှု ခံယူသင့်ပါတယ်။

(၂) မျက်စိယားယံခြင်း

Photo : webMD

တခါတလေ မျက်စိ နေမထိထိုင်မသာဖြစ်ရတဲ့အထိ ယားယံတာမျိုး ဖြစ်ဖူးကြမယ် ထင်ပါတယ်။ ဒါဟာ ဓာတ်မတည့်ခြင်း ၊ မျက်ကပ်မှန်တပ်ခြင်း ၊ အဆစ်အမြစ် ရောင်ရမ်းခြင်း ၊ဆေးဝါးများနဲ့ ကွန်ပျူတာ အသုံးများခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ မျက်စိယားယံတဲ့ ပြဿနာကို မျက်စဉ်းဆေးတွေက ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် မျက်လုံးတွေ နီမြန်းရောင်ရမ်းနေတယ်ဆိုရင်တော့ မျက်စဉ်းဆေးတွေ အသုံးမပြုပါနဲ့။ အဲ့ဒီအစား မျက်စိကို ရေစိုအဝတ် သို့မဟုတ် ရေခဲအဝတ်နဲ့ မိနစ်အနည်းငယ် အုပ်ထားပေးတာက မျက်စိယားယံခြင်းနဲ့ မျက်စိညောင်းခြင်းတွေကို သက်သာစေနိုင်ပါတယ်။ မျက်စိယားယံတဲ့အခါ လက်နဲ့ လုံးဝမပွတ်မိဖို့ကိုတော့ အထူးသတိပြု ရှောင်ကြဉ်ရပါမယ်။

(၃) မျက်အိမ်များ အစ်မို့နေခြင်း

Photo : webMD

မျက်အိမ်များ သာမန်ထက် အစ်မို့ရောင်ရမ်းနေခြင်းဟာ ဓာတ်မတည့်တာ ၊ ပိုးဝင်တာ ၊ မျက်ကြည်လွှာမှာ အနာဖြစ်တာနဲ့ အလွန်အကျွံ ငိုထားတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ပြဿနာကြောင့်လည်း မျက်အိမ်အစ်မို့တာမျိုး ဖြစ်တက်ပေမယ့် ဒါက ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတစ်ခု ဖြစ်ပါတယ်။ မျက်အိမ်အစ်မို့ ရောင်ရမ်းတဲ့ ပြဿနာက ကုသမှုခံယူစရာမလိုပဲ သူ့အလိုလို ပျောက်သွားတက်ပါတယ်။ ဒါပေမယ့် ၂၄ နာရီထက်ပိုကြာနေတယ် သို့မဟုတ် အမြင်အာရုံမှာ ပြဿနာရှိလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

(၄) မျက်ခွံများ တဆတ်ဆတ်လှုပ်ခြင်း

Photo : webMD

ရုတ်တရက် မျက်ခွံတွေ တဆတ်ဆတ်လှုပ်နေတယ်ဆိုရင်တော့ ဒါဟာ သင့် မျက်စိကို အနားပေးဖို့နဲ့ ကဖိန်းဓာတ် လျော့ချဖို့ပြနေတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ Screen Time ကို တက်နိုင်သလောက်လျော့ချပြီး မျက်စိ ကို ကောင်းကောင်းအနားပေးပါ။ ကော်ဖီနဲ့ ကဖိန်းဓာတ်ပါတဲ့ အစားအသောက်တွေ လျော့ပါ။ ဒါဆိုရင်တော့ မျက်ခွံတွေ တဆတ်ဆတ်လှုပ်တဲ့ ပြဿနာကို သက်သာစေပါလိမ့်မယ်။

(၅) မျက်သားအဝါရောင်ပြောင်းခြင်း

Photo : webMD

မျက်သားက ပုံမှန်အဖြူရောင်ရှိရမယ့်အစား အဝါရောင်ပြောင်းနေမယ်ဆိုရင်တော့ ဒါက အသားဝါရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အသည်းရောင်ခြင်း၊ အရက်အလွန် အကျွံသောက်ခြင်း၊ သည်းခြေကျောက်တည်ခြင်းနဲ့ ရှားရှားပါးပါး ကင်ဆာရောဂါတို့ကြောင့် ဖြစ်နိုင်ပါတယ်။ မျက်သားအဝါရောင် ပြောင်းလာနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်း စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

Featured Photo : The Pain Web