မြို့ပြဘဝတွေဆိုတာ အမြဲတမ်း ဆန်းသစ်တဲ့ အတွေ့အကြုံတွေနဲ့ ရှေ့ဆက်နေတော့တာပါပဲ။ မိုးထိအောင် မြင့်မားလှတဲ့ အဆင့်မြင့်တိုက်တာကြီးတွေ ၊ နောက်ဆုံးပေါ် နည်းပညာမြင့် အခြေခံလူ့အဆောက်အဦတွေ ၊ ဒီဂျစ်တယ်ဆက်သွယ်ရေး ရပ်ဝန်းတွေ နဲ့ ထိပ်တန်းကုမ္ပဏီ ၊ အလုပ်ရုံ နဲ့စက်ရုံတွေ တရစပ် မောင်းနှင် လည်ပတ်နေတာပါ။ ကမ္ဘာပေါ်မှာ ရှေ့တန်းရောက် တိုးတက်ဖွံ့ဖြိုးလှပါတယ် ဆိုတဲ့ မြို့ကြီး တွေ အများကြီး ရှိပါတယ်။ ဒီလို မြို့ကြီး တွေထဲမှာမှ နိုင်ငံအလိုက် ထိပ်ထိပ်ကြဲ ရှေ့တန်းရောက်နေတဲ့ မြို့ကြီးတွေအကြောင်းကို ဒီတစ်ခေါက် မျှဝေပေးသွားမှာပါ။

(၅) ရှန်ဟိုင်းမြို့ ၊ တရုတ်နိုင်ငံ

Shanghai

Photo: wealthygorilla

ရှန်ဟိုင်းဆိုတာ တရုတ်နိုင်ငံရဲ့ စီးပွားရေးအချက်အချာ ဆုံရပ်တစ်ခုပါပဲ။ ဆယ်စုနှစ်ပေါင်းများစွာကတည်းက နိုင်ငံအရပ်ရပ်က စီးပွားရေးလုပ်ငန်းတွေဟာ တရုတ်နိုင်ငံနဲ့ စီးပွားရေးဆက်ဆံကူးလူးမှု လုပ်တော့မယ်ဆိုရင် ရှန်ဟိုင်းကို ရှောင်လို့ မရပါဘူး။ ကမ္ဘာ့အင်အားအကြီးဆုံး စီးပွားရေးအင်အားစုကြီးတွေ ရှိရာ တရုတ်နိုင်ငံမှာ ရှန်ဟိုင်းမြို့ကြီးဟာ သိပ်ကို အရေးပါလှပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ရှန်ဟိုင်းစတော့ခ်အိတ်ချိန်းရုံး တည်ထောင်လိုက်ခြင်းနဲ့အတူ တံခါးဖွင့်စီးပွားရေးမူအရ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်ကြီးတစ်ခု ပေါ်ပေါက်လာစေခြင်းအားဖြင့် တရုတ်နိုင်ငံအတွက်ရော အရပ်ရပ်က စီးပွားရေးလုပ်ငန်းတွေအတွက်ပါ ရှန်ဟိုင်းက သိပ်ကို အရေးပါတဲ့ နေရာ ဖြစ်လာခဲ့ပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေ ဒုနဲ့ဒေး ဖော်ဆောင်လာတဲ့ မြို့ကြီးပီပီ ရှန်ဟိုင်းမြို့ကြီးမှာ နေထိုင်သူဦးရေကလည်း သန်းပေါင်းများစွာအထိ ရှိလာပါတယ်။

၂၀၂၀ ခုနှစ် စစ်တမ်းအရ ရှန်ဟိုင်းမြို့မှာ နေထိုင်သူ ၂၄.၈၇ သန်းအထိ ရှိတယ်လို့ ဆိုတာကြောင့် မြန်မာတစ်နိုင်ငံလုံး လူဦးရေရဲ့ တစ်ဝက်မက ရှိတယ်လို့ ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ကြီးလည်း ဖြစ်သလို လူသန်း ၂၀ နဲ့အထက် နေထိုင်တဲ့ ရှားရှားပါးပါး ကမ္ဘာ့မြို့ကြီးများထဲက တစ်မြို့လည်း ဖြစ်ပါတယ်။ ယန်ဇီမြစ်ဝကျွန်းပေါ်မှာ တည်ရှိတဲ့ ရှန်ဟိုင်းမြို့ကြီးဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး သင်္ဘောဆိပ်ကမ်းမြို့ကြီးလည်း ဖြစ်သလို စက်မှုလုပ်ငန်းတွေလည်း ထွန်းကားပါတယ်။ မြို့ရဲ့ ကြွယ်ဝမှုအမှတ်လက္ခဏာအဖြစ် ၆၃၂ မီတာ မြင့်တဲ့ ရှန်ဟိုင်းတာဝါလို ကမ္ဘာ့ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက်ကြီးတွေ ၊ ထိပ်တန်းတက္ကသိုလ်ကြီးတွေလည်း ရှိသလို ထိပ်တန်း Gaming နဲ့ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Tencent ဘီလျံနာ မာဟွာတန်လို သူဌေးကြီးတွေလည်း နေထိုင်တဲ့ မြို့ ဖြစ်ပါတယ်။

(၄) တိုကျိုမြို့ ၊ ဂျပန်

Tokyo

Photo: wealthygorilla

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက တိုကျိုမြို့ဆိုတာ အရှေ့အာရှရဲ့ နောက်ဆုံးပေါ်နည်းပညာသစ်တွေ ထွန်းကားရာမြို့ကြီးတစ်မြို့အဖြစ် ရပ်တည်နေပါတယ်။ တိုကျိုဟာ ကမ္ဘာ့အံ့ဩစရာအကောင်းဆုံး မြို့ကြီးတွေထဲက တစ်မြို့ဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွက် မြို့အလိုက် GDP ထုတ်လုပ်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၂၀၅၅.၆၉၈ ဘီလျံအထိ ရှိပြီး မြို့အလိုက် ကမ္ဘာ့ GDP အမြင့်ဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒုတိယကမ္ဘာစစ်အလွန်မှာ ဂျပန်နိုင်ငံဟာ နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုဘက်မှာ ထိပ်တန်းရောက်လာတဲ့ နိုင်ငံ ဖြစ်လာပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကို ကားထုတ်လုပ်ရေး ၊ အဆင့်မြင့် တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း နဲ့ နည်းပညာမြင့်စက်ရုပ် High-End Robotics ပိုင်းတို့နဲ့ မောင်းနှင်နိုင်ခဲ့ပါတယ်။ ဂျပန်ရဲ့ အကြီးဆုံး နည်းပညာကုမ္ပဏီကြီးအတော်များများက တိုကျိုမှာ အခြေစိုက်ပါတယ်။

Sony ၊ Canon ၊ Honda ၊ Fujitsu ၊ Hitachi ၊ Mitsubishi Electric ၊ Toshiba စတဲ့ ထိပ်တန်းဂျပန်ကုမ္ပဏီကြီးတွေဟာ တိုကျိုမှာ ရုံးစိုက်ပါတယ်။ ဒါကြောင့်ပဲ တိုကျိုဟာ ခေတ်ရှေ့ပြေးနည်းပညာတွေနဲ့ လည်ပတ်နေတဲ့ စမတ်စီးတီးတစ်ခု ဖြစ်လာပါတယ်။ တိုကျိုဟာ Artificial Intelligence လို့ ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာကို မြို့သန့်ရှင်းရေး ၊ မြို့နေပြည်သူတို့ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ကာဗွန်လျှော့ချရေးစတဲ့ ကဏ္ဍတွေမှာ အသုံးချနေကြပါတယ်။

အခုနောက်ပိုင်းမှာ ဆိုလာစွမ်းအင်နဲ့ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်တွေ သုံးထားတဲ့ မောင်းသူမဲ့ကားတွေ စမ်းသပ်မှုပါ လုပ်ဆောင်နေပါတယ်။ ဖျော်ဖြေရေး ၊ အနုပညာနဲ့ ဂျပန်တို့ရဲ့ တမူထူးခြားတဲ့ ရိုးရာတို့ ပေါင်းစပ်ထားတဲ့ မြို့ကြီးဖြစ်လို့ ဆန်းပြားတဲ့ မဂ္ဂါစီးတီးကြီးလို့ ဆိုနိုင်ပါတယ်။ ၂၀၂၁ အချက်အလက်တွေအရ တိုကျိုမြို့ကြီးမှာ လူပေါင်း ၁၃.၉၅ သန်း နေထိုင်ကြတယ်လို့ ဆိုပါတယ်။

(၃) စင်ကာပူ

Singapore

Photo: wealthygorilla

စတုရန်းမိုင် ၂၇၃ မိုင်ပဲ ရှိပြီး နိုင်ငံနဲ့ မြို့ တစ်ခုတည်းဖြစ်တဲ့ အရှေ့တောင်အာရှရဲ့ အသေးငယ်ဆုံးနိုင်ငံငယ်လေး ဖြစ်ပေမယ့် စင်ကာပူ နိုင်ငံဟာ လူနေမှုအဆင့်အတန်း မြင့်မားသလို နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ၊ စက်မှုလုပ်ငန်း ၊ ကမ္ဘာလှည့်ခရီးသွားလာရေး ၊ အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်မှု ၊ ငွေကြေးဝန်ဆောင်မှု စတဲ့ ဝန်ဆောင်မှုမျိုးစုံ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ဂျပန် ၊ မလေးရှား နဲ့ ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရတဲ့ ၁၉၆၅ ခုနှစ်ကစပြီး စင်ကာပူဟာ နိုင်ငံပြုပြင်ပြောင်းလဲရေးဘက်ကို အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့ပြီး စီးပွားရေးနဲ့ ဘဏ္ဍာရေးမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်မယ့် လမ်းကြောင်းပေါ် တွန်းတင်လာခဲ့ပါတယ်။ စင်ကာပူရဲ့ သက်တော်ရှည်ဝန်ကြီးချုပ် လီကွမ်းယုရဲ့ ခေါင်းဆောင်မှုအောက်မှာ စင်ကာပူဟာ ကမ္ဘာ့ပထမတန်းစား ပညာရေးစနစ်ရှိတဲ့ နိုင်ငံ ၊ ကမ္ဘာ့ဩဇာအကြီးဆုံး စီးပွားရေးဈေးကွက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Gardens By The Way နဲ့ Supertree Grove တို့လို သဘာဝပန်းခြံတွေ နဲ့ Green Space တွေ ၊ ခေတ်မီမိုးမျှော်အဆောက်အဦတွေ နဲ့ တဟုန်းထိုး တိုးပွားလာတဲ့ လူဦးရေတွေနဲ့ ပြည့်ကျပ်လာခဲ့ပေမယ့် စင်ကာပူဟာ ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံး မြို့ကြီး တွေထဲက တစ်မြို့ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်စွမ်းဆောင်ရည် အညွှန်းကိန်းမှာ Ranking မြင့်မြင့် ရထားပါတယ်။

(၂) ဟောင်ကောင်

Hong Kong

Photo: wealthygorilla

တရုတ်နိုင်ငံရဲ့ နောက်ထပ် အဓိကဘဏ္ဍာရေးဆုံရပ်တစ်ခုဖြစ်တဲ့ ဟောင်ကောင်ဟာ တခြား မြို့ကြီး တွေထက် မိုးမျှော်တိုက်တွေ ပိုများတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပြီး လူအများစုဟာ အထပ် ၁၅ ထပ်မက မြင့်တဲ့ တိုက်တာတွေမှာ နေထိုင်ရတာပါ။ ဟောင်ကောင်ကို ချမ်းသာတဲ့မြို့ဖြစ်စေတာက နည်းပညာနဲ့ ဘဏ္ဍာရေးကဏ္ဍ ဖြစ်သလို AI နဲ့ ဇီဝနည်းပညာသစ်တွေပါ ထွန်းကားပါတယ်။

နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းအမျိုးမျိုးအတွက်လည်း ၂၂ ဟက်တာကျယ်တဲ့ သိပ္ပံပါ့ခ်တစ်ခုမှာ နောက်ဆုံးပေါ် အိုင်တီနည်းပညာပံ့ပိုးမှုတွေ ထောက်ပံ့ပေးပါတယ်။ ဟောင်ကောင်ဟာ စမတ်ကတ်တွေ ၊ အီလက်ထရွန်းနစ်ငွေချေမှုတွေနဲ့ လည်ပတ်နေတဲ့ စမတ်စီးတီးတစ်ခုအဖြစ်လည်း တွေ့မြင်ရမှာပါ။ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၀ အချက်အလက်တွေအရ ဟောင်ကောင်မှာ လူ ၇.၄၈၂ သန်း နေထိုင်ပြီး GDP အားဖြင့် ဒေါ်လာ ၃၄၆.၆ ဘီလျံ ရှိတယ်လို့ ဖော်ပြထားပါတယ်။

(၁) ဒူဘိုင်း ၊ ယူအေအီး

Dubai

Photo: wealthygorilla

ဒူဘိုင်းမြို့တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်လိုက်ရင် ဒီမြို့ဟာ ကမ္ဘာပေါ်က သိပ္ပံစိတ်ကူးယဉ်မြို့တစ်မြို့အဖြစ် ပုံဖော်နေတယ်လို့ မြင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က စပြီး မြို့အာဏာပိုင်တွေဟာ ကန္တာရမြေကို ကမ္ဘာ့ခေတ်ရှေ့အပြေးဆုံး နဲ့ အဆန်းကြယ်ဆုံး မြို့ကြီးတစ်မြို့အဖြစ် ပြောင်းလဲလာနေပါတယ်။ ကမ္ဘာပေါ်မှာ ရှိရှိသမျှ အဆောက်အဦတွေထက် ပိုမြင့်မားလှတဲ့ Burj Khalifa လို့ High-Rise အဆောက်အဦကြီးတွေ ၊ တစ်ခုနဲ့တစ်ခု လက်ယှက်ထိုးနေတဲ့ ကောင်းကင်တံတားတွေ ၊ ကမ္ဘာ့အကြီးဆုံး လူလုပ်ကျွန်းတု နဲ့ ရေအောက်စားသောက်ဆိုင်တွေ အံ့ဘနန်းဆန်းပြားတဲ့ မြို့တော်လုံခြုံရေးနည်းပညာတွေနဲ့ မွမ်းမံထားပါတယ်။

ကမ္ဘာ့ထိပ်တန်းခရီးသွားမြို့အဖြစ်ရော နည်းပညာရပ်ဝန်းနဲ့ နောက်ဆုံးပေါ် Blockchain နည်းပညာပိုင်း အစီအစဉ်တွေပါ ရေးဆွဲထားတဲ့ ဒီမြို့ကြီးဟာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးသူကြွယ်တွေ နေထိုင်တဲ့ မြို့လည်း ဖြစ်ပါတယ်။ ထိပ်ထိပ်ကြဲချမ်းသာတဲ့ ဒူဘိုင်းစော်ဘွားတွေနေတာ ဖြစ်လို့ စူပါကားတွေ ၊ တန်ဖိုးအကြီးဆုံးရွက်လှေ နဲ့ ဇိမ်ခံတိုက်ကြီးတွေကိုလည်း တခမ်းတနား တွေ့မြင်ရမှာပါ။

ဒူဘိုင်းအပြင် ယူအေအီးနိုင်ငံ မက်စ်ဒါမြို့ ၊ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ၊ ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီ ၊ ဘရာဇီးနိုင်ငံ ဘရက်ဆီလီယာ နဲ့ အိန္ဒိယနိုင်ငံ ဘန်ဂလိုးမြို့တို့ကလည်း တိုးတက်ခမ်းနားတဲ့ မြို့ကြီး များအဖြစ် မှတ်တမ်းဝင်ကြပါတယ်။

Featured Photo: wealthygorilla